တစ်လကျော်ကြာ ပိတ်ထားသည့် မြဝတီတောင်ပိုင်း သောင်ရင်းမြစ် ကမ်းကူးဂိတ်တချို့ ပြန်ဖွင့်

တစ်လကျော်ကြာ ပိတ်ထားသည့် မြဝတီတောင်ပိုင်း သောင်ရင်းမြစ် ကမ်းကူးဂိတ်တချို့ ပြန်ဖွင့်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့် ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် ကမ်းကူးလှေဂိတ်တချို့ကို ဇန်နဝါရီ (၁၃) ရက်နေ့မှစ၍ ပြန်ဖွင့်နေပြီဖြစ်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်ပြီး မဲဆောက်အပါအဝင် မြို့နယ် (၅) ခုရှိ သဘာဝကမ်း ကူးလှေဂိတ်များကို ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ထိုင်းအာဏာပိုင်တို့က တရားဝင် ကြေညာချက် ထုတ်ပြန်၍ ပိတ်ထားခြင်းဖြစ်သည်။ ထိုအထဲတွင် မင်းလက်ပံရွာ တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ့်ကိုကင်းရွာသို့ လူကူးသွားလာသည့် ဂိတ်အချို့လည်း ပါဝင်ခဲ့သည်။

“ဒီကြားထဲ တိုက်ပွဲသံ ငြိမ်နေရင် ပြန်ဖွင့်၊ ကြားရင် ချက်ချင်း ပြန်ပိတ်ပေမယ့် အခု ဖွင့်ထားတာ တစ်ပတ်လောက် ရှိပြီ။ ဂိတ်ပြန်ဖွင့်တော့ ပြန်ပြောင်းတဲ့ လူရော၊ ပြန်ကြည့်တဲ့ လူရော ရှိတယ်။ ဒီ ထိုင်း ဘက်မှာ နေရင်လည်း ဘတ်က ရိုက်ထားရတယ်လေ” ဟု မယ့်ကိုကင်းရွာတွင် မင်းလက်ပံမှ စစ်ဘေးရှောင်နေသူက ပြောသည်။

သို့သော် နယ်စပ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်တချို့၏ ပြောပြချက်အရ ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်၊ မနက်ပိုင်း (၇) နာရီ ဝန်းကျင်မှစ၍ မြဝတီတောင်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်မှု ပုံမှန်ထက် ပိုမို ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင် အမျိုးသားက “ကမ်းကူးကတော့ မနေ့ကအထိ ပုံမှန်ပဲ။ ပြန်ကူးတဲ့ သူရော၊ ပြန်လာတဲ့ သူရော။ ဒါပေမဲ့ ဟိုဘက် (မြန်မာဘက်) မှာ ဒီမနက် တော်တော်လေး ချလိုက်တယ်။ မယ့်ဝါးခီး လောက်က ဖြစ်မယ်။ အကြီးသံတွေရော၊ အသေးသံတွေရော စုံနေတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကုန်ပိုင်းက မင်းလက်ပံကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသော စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်းသို့ မြန်မာ စစ်အုပ်စုဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သေးသည်။

ထိုကိစ္စကြောင့် လူထိခိုက် ဒဏ်ရာရမှုများ အပါအဝင် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်သည့် အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများ ရှိလာနိုင်ခြင်းကြောင့်လည်း အာဏာပိုင်များက တရားမဝင် နယ်စပ်ဂိတ် အများစုကို ပိတ်ဆို့ခဲ့သည်။ 

လက်ရှိအချိန်ထိလည်း စစ်ဆေး ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည်။

March 23, 2026
သစ်တောများတိုးတက်ကောင်းမွန်ရန်နှင့် ထိန်းသိမ်းကာကွယ်ရန် ဌာနေတိုင်းရင်းသားများ၏...
March 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့်...
Photo: CJ
March 20, 2026
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက်...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...