ရွေးကောက်ပွဲကျင်းပမယ့် လှိုင်းဘွဲမှာ စစ်ကြောင်းထိုးထားလို့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်

ရွေးကောက်ပွဲကျင်းပမယ့် လှိုင်းဘွဲမှာ စစ်ကြောင်းထိုးထားလို့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ကြောင့် ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေတဲ့ ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်ထွက် ပြေးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းကို လုံခြုံရေးယူဖို့အတွက်ဆိုပြီး အကြောင်းပြကာ ဇန်နဝါရီလ ပထမအပတ်ကစပြီး စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာခဲ့တဲ့အတွက် လှိုင်းဘွဲမြို့နယ်ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာခဲ့ကြတာပါ။

စစ်ကော်မရှင်တပ်က လှိုင်းဘွဲမြို့အနီးတဝိုက် ကျေးရွာတွေအပြင် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းနဲ့ ထီလုံ-တာပေါင်လမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရောက်ရှိလာနေပြီး တပ်စွဲအခြေချထားခဲ့ရာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေသလို ဖမ်းဆီးခံရမှာ နှိပ်စက်ခံရမှာတွေကို စိုးရိမ်နေတာတွေကြောင့် ဒေသခံအများအပြားဟာ ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

အထူးသဖြင့် စစ်ကော်မရှင်တပ်စစ်ကြောင်း အဓိကထိုးနေတဲ့ ပိုင်ကျုံမြို့ပေါ်ရပ်ကွက်နဲ့ အနီးတဝိုက်က ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ တိမ်းရှောင်နေကြပြီး ဇန်နဝါရီ ၈ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားတာမရှိသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်က အခုလိုစစ်ကြောင်းထိုးလာတာဟာ လှိုင်းဘွဲမြို့နယ်အတွင်းမှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပပြုလုပ်နိုင်ဖို့အတွက် လုံခြုံရေးအကြောင်းပြပြီး နယ်မြေစိုးမိုးလာနိုင်တာဖြစ်သလို ဇန်နဝါရီ ၁ ရက်နေ့က ကရင်နယ်ခြားစောင့်တပ် BGF က ကရင်အမျိုးသားတပ် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ကိစ္စရပ်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၂ မှာ ကရင်ပြည်နယ်က လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တို့ ပါဝင်ကြပြီး အဲဒီနှစ်မြို့နယ်အတွင်းမှာ ဖာပွန်မြို့နဲ့ ရှမ်းရွာသစ်မြို့အပါအဝင် ရပ်ကွက်ကျေးရွာအုပ်စု စုစုပေါင်း ၅၂ အုပ်စုဟာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။

ဖာပွန်မြို့နယ်အတွင်းမှာလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေပြီး ရွေးကောက်ပွဲအတွက် ကမမောင်းမြို့ပေါ်မှာသာ စစ်ကော်မရှင်တပ်က ကျင်းပပြုလုပ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကရင်ပြည်နယ်က ဘားအံမြို့နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ မြဝတီမြို့နယ်တို့ပါဝင်ခဲ့ကြပြီး အဲဒီမြို့နယ် ၃ မြို့နယ်စလုံးမှာ ပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ်အားလုံးက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...