လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ် ခေါင်းပုံဖြတ်မှုကိုပါ ရခိုင်လယ်သမားများခံနေရသဖြင့် လယ်လုပ်ငန်း အမြတ်အစွန်း နစ်နာမှုများရှိနေကြောင်း ပြောဆိုနေကြသည်။
ယခင်က စပါးတစ်တောင်းကို နို့ဆီဘူး ၅၂ ဗူးမှ ၅၄ ဗူးဝင် တောင်းများဖြင့် ရောင်းချခဲ့ရသော်လည်း ယခုအခါ စပါးတစ်တောင်းကို နို့ဆီဗူး ၆၀ မှ ၆၅ ဗူးဝင် တောင်းများဖြင့် စပါးကုန်သည်က လယ်သမားများထံကနေ ဝယ်ယူနေခြင်းဖြစ်သည်။
ထိုသို့ စပါးကုန်သည်များသည် လယ်သမားများထံကနေ ပုံမှန်အခြင်အတွယ်ထက် ပိုမိုများပြားသည့် ပမာဏဖြင့် စိတ်ကြိုက်ဝယ်ယူနေကြခြင်းကြောင့် လယ်သများများမှာ နစ်နာမှုများရှိနေခြင်းဖြစ်သည်။
“အရင်တန်းကဆို ဆန် စပါးတွေ ရောင်းကြတဲ့အခါ တောင်းကို နို့ဆီဗူး ၅၂ ဗူးဝင်နဲ့ပဲ ချိန်ကြတယ်။ ပုံမှန် သတ်မှတ်ချိန်ကတော့ နို့ဆီဗူး ၄၈ ဗူးဆိုပေမဲ့ ၅၂ ဗူးဝင် သံတောင်းတွေဆိုရင်လည်း တောင်သူတွေ လက်ခံလို့ရသေးတယ်။ အခုနှစ်မှာ ကုန်သည်တွေက သံတောင်းကို ၆၄ ဗူးအထိ တိုးမြှင့် လုပ်ပြီးဝယ်ယူလာကြတော့ တောင်သူတွေမှာ အတော်လည်းကို နစ်နာမှုရှိကြတယ်။ ဒီအချိန်အတွယ်နဲ့ မရောင်းဘူးဆိုရင် ဝယ်မယ့်လူက မရှိပြန်ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမား ဦးထွန်းအောင်သိန်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက“ဥပမာ စပါးတစ်တောင်းက ၅၂ ဗူးရှိရမယ့်အစား ၆၄ ဘူးဆိုတော့ တစ်တောင်းမှာ ၁၂ ဗူးပို သွားပြီလေ။ ဒီတော့ စပါးတောင်း ၁၀၀ မှာ ဗူး ၁,၂၀၀ ပိုသွားပြီ။ ဗူး ၁၂၀ ဆိုတော့ ပုံမှန်စပါးအိတ်ထက် ၆ အိပ်စာ စပါးတောင်း ၂၄ တောင်ပိုသွားပြီ။ စပါး ၁၀၀ ရဲ့ ၄ ပုံ ၁ ပုံစာ ဖြစ်သွားပြီ။ လယ်သမားတွေ စားရမယ့် အမြတ်က အဲဒီမှာ ပါသွားပြီ” ဟု ရှင်းပြသည်။
ထိုသို့ စပါးကုန်သည်များ၏ အခြင်အတွယ်စိတ်ကြိုက်ဖန်တီးမှုကို ခံနေရသဖြင့် စပါးဈေးကွက်မရှိ၊ သွင်းအားစု စရိတ်ကြီးမြင့်မှုအောက်ကနေ ခက်ခက်ခဲခဲကြိုးစား စိုက်ပျိုးခဲ့သည့် လယ်လုပ်ငန်းမှာလည်း အကျဖက်သို့ ဦးတည်လာနေကြောင်း ပြောကြသည်။
ယင်းကြောင့် လက်ရှိ အာဏာပိုင်အဖွဲ့အစည်း ULA အနေဖြင့် ဆန်၊ စပါး ရောင်းချရာတွင် ပုံမှန် သတ်မှတ်ထားသည့် အခြင်အတွယ် စံနှုန်းတစ်ခုဖန်တီးကာ သေချာစောင့်ကြည့် ကိုင်တွယ်သင့်ကြောင်း သုံးသပ်နေကြသည်။
“ကုန်သည်တွေ လာဝယ်တဲ့တောင်းက လယ်သမားတွေရဲ့ တောင်းနဲ့မတူဘူး။ ကျမတို့ တောင်းတွေက ၅၄ ဗူးဝင်တောင်းတွေ။ သူတို့တောင်းတွေကကျတော့ အရင်နှစ်တွေကတည်းကနေ ၆၄ ဗူးဝင် ဖြစ်နေတယ်။ စပါးဈေးကွက်မရှိရတဲ့ ကြားထဲ ဒီစပါးကုန်သည်တွေက ထပ်ပြီးခေါင်းပုံဖြတ်နေတာတွေကို ကျမတို့ လယ်သမားတွေ ခံနေကြရတယ်” ဟု ကျောက်တော်မြို့နယ်မှ လယ်သမားအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်က ကောက်လျင်စပါး တောင်းတစ်ရာကို ငွေကျပ် ၅ သိန်းကျော်ရရှိခဲ့ပြီး ကောက်ကြီးစပါး တောင်းတစ်ရာကို ငွေကျပ် ၁၀ သိန်းနီးပါးရှိခဲ့သော်လည်း ယခုနှစ်တွင် ကောက်လျင် စပါးဈေးမှာ ငွေကျပ် ၄ သိန်းနှင့် ကောက်ကြီးစပါးမှာ ငွေကျပ် ၈ သိန်းခန့်သာ ဈေးပေါက်နေကြောင်း လယ်သမားများက ပြောသည်။
လက်ရှိ စပါးရိတ်သိမ်းကာလတွင် ရိတ်သိမ်းခအနေဖြင့် လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲအထိ ဈေးပေါက်နေခြင်းကြောင့် စပါးရိတ်သိမ်းရန်လည်း အခက်ကြုံနေကြကြောင်း လယ်သများများက ဆိုကြသည်။
ရခိုင်တွင် စပါးဈေးကွက်မရှိဘဲ စိုက်ပျိုးရာသီ နှစ်ရာသီထိရှိနေပြီဖြစ်သဖြင့် တောင်သူများမှာလည်း အရင်းအနှီးများစွာကြားမှ စိုက်ပျိုးထားသော စပါးများရောင်းမထွက်နိုင်၍ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။
“ကျနော်တို့ အနေနဲ့တော့ ဒီတောင်းကိစ္စတွေကို အတတ်နိုင်ဆုံး ၅၄ ဗူး အတိုင်းအတာနဲ့ ရခိုင်ဒေသတစ်ခုလုံးကို လုပ်ပေးစေချင်ပါတယ်။ လာဝယ်သူတွေရဲ့ စပါးတောင်းတွေက အရမ်းကြီးနေတာ ဖြစ်တာကြောင့် ရောင်းရ တာ က အဆင်မပြေဘူး၊ သူတို့ကိုမရောင်းရင်လည်း ဝယ်မဲ့သူတွေက မရှိပြန်ဘူး။ အာရက္ခပြည်သူ့အစိုးရအနေနဲ့ သေချာလုပ်ပေးစေချင်တယ်” ဟု ကျောက်တော်မြို့နယ်မှ လယ်သမား ဦးမောင်စိုးသန်းက ပြောသည်။
ထိုသို့မဟုတ်ပါက စားဝတ်နေရေးမပြေလည်လာမှုများကြောင့် လာမည့်နှစ်များတွင် လယ်ဧကများ ထပ်မံလျှော့ပေါ့ စိုက်ပျိုးရတော့မည်ဖြစ်သဖြင့် ရခိုင်ဒေသအတွင်း ဆန်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်စရာတစ်ရပ်အဖြစ် ရှိလာနိုင်ကြောင်း လယ်သမားများက ဆိုသည်။
ရခိုင်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိပြီး စစ်ရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် အပြည့်အဝ မလုပ်ကိုင်နိုင်သဖြင့် ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာလည်း တဖြည်းဖြည်းနှင့် အကျဘက်သို့ ဦးတည် လျက်ရှိသည်။







