မင်းလက်ပံရှိစစ်ရှောင်နေရာကို စစ်အုပ်စုလက်နက်ကြီးပစ်၍ ဒေသခံ ၃ ဦးနှင့် ဘုန်းကြီးတစ်ပါးဒဏ်ရာရ

မင်းလက်ပံရှိစစ်ရှောင်နေရာကို စစ်အုပ်စုလက်နက်ကြီးပစ်၍ ဒေသခံ ၃ ဦးနှင့် ဘုန်းကြီးတစ်ပါးဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ စစ်ရှောင်နေရာကို ယမန်နေ့ နိုဝင်ဘာလ ၃၀ရက်နေ့ ည(၁၂) နာရီဝန်းကျင်တွင် စစ်အုပ်စုလက်နက်ကြီးပစ်ခတ်၍ ဒေသခံ (၃)ဦးနှင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရွာခံများထံမှ သိရသည်။

ယမန်နေ့က မင်းလက်ပံရွာထဲကို အာဏာသိမ်းစစ်အုပ်စုက ဝင်ရောက်ရန်ကြိုးပမ်းရာ နယ်မြေအတွင်းရှိ KNLA မဟာမိတ်တပ်နှင့် တစ်ရက်တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ကြီး၊ မစ်ဇိုင်းဒုံး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်များ ထိခိုက်ဒဏ်ရာရှိသွားခြင်းဖြစ်သည်။

”မနေ့ကမနက် အစောကြီးကနေစပစ်ကြတာ။ သင်္ချိုင်းကုန်းဘက်၊ ရွာထိပ်ဘက်နဲ့ မယ်ဝါးခီး ဘက်တွေကို စစ်တပ်က လက်နက်ကြီးတွေ မစ်ဇိုင်းဒုံးတွေ၊ အသေခံဒရုန်းတွေချတာအိမ်တွေထိတယ်။ စစ်ရှောင်စခန်းထဲကို လက်နက်ကြီးပစ်ထည့်တာ ဘုန်းကြီးအစမှန်တယ်၊ ရွာသားတွေလည်းထိတာပေါ့။ တစ်ခြားနေရာတွေမှာလည်း ထိတဲ့သူ ရှိနိုင်တယ်။”ဟု မင်းလက်ပံရွာသားတစ်ဦးက ပြောသည်။

အဆိုပါလက်နက်ကြီးများကြောင့် မင်းလက်ပံကျေးရွာရှိ လူနေအိမ် ၃၀ နှင့်အထက် ထိမှန် ပျက်ဆီးသွားကြောင်းလည်း ကေအိုင်စီက ကနဦးသိရှိထားသည်။

ထို့အပြင် ကေအဲန်ယူ ထိန်းချုပ်လိုက်သည့် မင်းလက်ပံ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) အဆောက်အဦးဝင်းအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့၌ တိုက်ပွဲပြင်းထန်ကာ ရှေ့တက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများကြောင်း KNLAမဟာမိတ်တပ်ဖွဲ့(၃၂)ဗျူဟာ ရှေ့တန်း သတင်းအရင်းအမြစ်ထံမှသိရသည်။

KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့က KK Park ဘက်မှာ အထိုင်ချထားတယ်။ မင်းလက်ပံကို ပတ်လည်ဝိုင်းပြီးတိုက်နေတာ၊ ပစ်နေတာတစ်နေ့လုံးပဲ။ သူတို့လူတက်လာတော့ ကိုယ့်ဘက်က ပစ်ချတာ စစ်သားသစ်တွေထိတယ်၊ အနည်းဆုံး ၂၀နဲ့ ၃၀ ပဲ” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ရက်နေ့ကလည်း စစ်အုပ်စုပစ်သည့် လက်နက်ကြီး ၅ လုံးမှာ တစ်ဖက် ထိုင်းနိုင်ငံ မယ့်ကိုကင်း ကျေးရွာထဲကို ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦး အပါအဝင် ခြံအလုပ်သမား မြန်မာပြည်သား အချို့ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ လူနေအိမ်နှင့် အရပ်သားများ ထိခိုက်မှုရှိသည့်အပေါ် ထိုင်းစစ်တပ်မှ လက်နက်ကြီးဖြင့် သတိပေး ပစ်ခတ်ခြင်း၊ ကင်းလှည့် စောင့်ကြည့်ခြင်းတို့ရှိသလို နယ်စပ် ကျေးရွာ လှေကူးဂိတ်များလည်း ပိတ်ထားသည်ဟု ထိုင်း-မြန်မာ နယ်စပ်သတင်းအရင်းအမြစ်က ဆိုသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
December 1, 2025
ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော်-...