စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား

စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့အထိုင်တပ် ခ.လ.ရ ၁၃၇ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်နေပြီး လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မချမ်းဘော့မြို့ရဲ့အောက်ဘက် မလိခမြစ်အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း စစ်အင်အားဖြည့်လာသလို လမ်းပိုင်းတစ်ချို့ကိုလည်း ထိန်းချုပ်ထားတယ်လို့ မချမ်းဘော့မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“ပူတာအိုဘက်ကနေ လာပို့တယ်။ တစ်ခါတလေ လက်နက်ခဲယမ်းပါတယ်။ တစ်ခါတလေတော့ စစ်သားတွေ အပြည့်ပဲပါတယ်။ ဟိုနေ့ နတ်ကျွန်းအောက်ဘက် တိုက်ပွဲဖြစ်ပြီးနောက် အင်အားပိုဖြည့်လာတာ”လို့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက် မချမ်းဘော့ဘက် အင်အားဖြည့်နေသလို မချမ်းဘော့အောက် လုံရှာယာန်ဘက်ဆင်းတဲ့ နောင်ခိုင်စက်လှေဆိပ်ကိုလည်း ပိတ်ထားကြောင်း သိရပါတယ်။

“နောင်ခိုက်စက်လှေဆိပ်ကတော့ ပိတ်ထားတုန်းပဲ ဟုတ်တယ်။ သွားလို့မရသေးဘူး။ ပြီးတော့ မချမ်းဘော့အရှေ့ဘက် ထန်ဂါးဘက်လည်း သွားလို့တော့ရတယ်။ အစစ်အဆေးများတယ်။ ညဘက်တွေဆို သွားလို့မရဘူး။ စက်လှေဆိပ်ကတော့ လုံးပိတ်ထားတယ်။ နတ်ကျွန်းဘက်တော့ လုံးဝပိတ်ထားတယ်”လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။

စစ်ရေးခြေနေကြောင့် နောင်ခိုင်စက်လှေဆိပ် ပိတ်လိုက်တဲ့အတွက် မလိခမြစ်အောက်ဘက်က ကျေးရွာ အသွားအလာ ပြတ်တောက်နေပြီး မြစ်အောက်ဘက်မှာ စိုက်ပျိုးရေးလုပ်ထားတဲ့ ဒေသခံတွေလည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

မချမ်းဘော့မြို့ဟာ ပူတာအိုမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာမှာ ရှိတာဖြစ်ပါတယ်။

မချမ်းဘော့–ပူတာအို ကားလမ်းပိုင်းကနေတစ်ဆင့် KIA နဲ့ ပူးပေါင်းတပ်တွေ ပူတာအိုမြို့ထဲ ဝင်ရောက်လာနိုင်တာကြောင့် စစ်ကောင်စီတပ်က မချမ်းဘော့မြို့ထဲကို အင်အားဖြည့်တာ၊ မချမ်းဘော့မြို့ထဲ ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာလကုန်းပိုင်းကနေစပြီး KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ ပူတာအိုမြို့ထဲ ဝင်ရောက်နိုင်တဲ့ ဆွမ်ပရာဘွမ့် – ပူတာအိုကားလမ်းပိုင်းနဲ့ နောင်မွန်–မချမ်းဘော့ ကားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

ပူတာအိုဘက် တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့နောက် စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့တွင်းမှာလည်း စစ်အင်အားဖြည့်တာ၊ မြို့တွင်း မြို့ပြင် ပုံမှန် စစ်ရေးလှုပ်ရှားတာတွေအပြင် ညဘက် လမ်းဆုံ လမ်းခွတွေမှာ ပုံမှန် စစ်ဆေးရေး လုပ်တာတွေ ရှိလာနေတယ်လို့ သိရပါတယ်။

ထို့အပြင် အောက်တိုဘာလနောက်ပိုင်းကနေစပြီး ပူတာအိုမြို့တွင်း အထိုင်းတပ် ခ.လ.ရ ၄၆ တပ်အနီးက ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ လုံခြုံရေး ဂိတ်ထိုင်ပြီး လမ်းပိုင်တွေကို အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးတာမျိုးတွေ လုပ်နေကြောင်း သိရပါတယ်။

ပူတာအိုမြို့နယ် ရဲစခန်းရှေ့ ကားလမ်းမတလျှောက်မှလည်း သံဆူးကြိုးတွေ အများအပြားချထားပြီး လုံခြုံရေး တင်းကြပ်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပူတာအိုမြို့အရှေ့ဘက် ထန်ဂါးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA

ပူးပေါင်းတပ်တွေကြား နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို အောက်တိုဘာ ၁၂ ရက်နေ့ မှာလည်း မြစ်ကြီးနား၊ ပူတာအို ကားလမ်းပိုင်းက တန်ဂျာကျေးရွာအနီးမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဟီဆင်ဒေသဘက်မှာလည်း စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ လန်ဟီဆင်စခန်းနဲ့ လန်ဆယ်မြို့ကို ပြန်သိမ်းဖို့  စက်တင်ဘာ ၁၉ ရက်နေ့ကနေ စပြီး ၅ ရက်ခန့်ကြာ ထိုးစစ်ခဲ့ရာနေ ပူတာအိုဒေသမှာ လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...