ချီဖွေ၊ ပန်ဝါလမ်းပိုင်း KIA ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကို သေချာစီစစ်ခန့်အပ်ဖို့ ဒေသခံတွေတောင်းဆို

ချီဖွေ၊ ပန်ဝါလမ်းပိုင်း KIA ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကို သေချာစီစစ်ခန့်အပ်ဖို့ ဒေသခံတွေတောင်းဆို

ချီဖွေ – ပန်ဝါကြား KIA ဂိတ်နေရာတွေမှာ လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဂိတ်စောင့်တဲ့တပ်ဖွဲ့ဝင်တွေကြား ပြဿနာမဖြစ်အောင် တာဝန်ရှိသူ‌တွေအနေနဲ့ သေချာစွာ တာဝန်ယူလုပ်ဆောင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။

ချီဖွေမြို့ကနေ ၁၄ မိုင်အကွာ ချီဖွေနဲ့ ပန်ဝါကြား လန်ဂျော်ရွာအထက် လုပ်ဝါန်ရွာ ဂိတ်စခန်းနေရာမှာ ဒီရက်ပိုင်းလမ်းသွားလမ်းလာ ပြည်သူတွေနဲ့ ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကြား အဆင်မပြေမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

“လမ်းကွေ့ ၄ ၊ ၅ ကွေ့တောင်ကျော်ပြီ ။ဆိုင်ကယ်နဲ့ လိုက်လာပြီး အခုချက်ချင်းခေါက် တဲ့၊ ကျမတို့လည်း မခေါက်နိုင်တော့ဘူးလို့ ပြောတော့ အခုချက်ချင်းခေါက်တဲ့။ ကားဆရာက စိတ်ဆိုးလာပြီ။ ကားခေါင်းက စာသားသာ ကြည့်တတ်ရင် အဲလောက်ထိ ဖြစ်မှာမဟုတ်ဘူး။ အခြားဂိတ်တွေမှာလည်း ကျမတို့ ဖြတ်ခဲ့ပါတယ်။ ဆင်းစရာတောင်မလိုဘူး ကောင်းကောင်းမွန်မွန်ပဲ။ အခုက ချက်ချင်းလိုက်လာပြီး သေနတ်တကားကားနဲ့ ခြိမ်းခြောက်တာတွေ လုပ်လာတော့ စိတ်မကောင်းဘူးလေ။ တစ်ယောက်နှစ်ယောက်ပဲ ကြုံတာမဟုတ်ဘူး။ ၄၊ ၅ ယောက်မက ကြုံနေတာ။ အဲလို တပ်ဖွဲ့ဝင်တစ်ယောက်နှစ်ယောက်ကြောင့်နဲ့ ဒီနေ့ KIO/KIA နာမည်ပျက်နေတာ

ဟုတ်တယ်လို့ မြင်ရတယ်”လို့ အဲဒီလမ်းပိုင်းကနေ ဖြတ်လာသူ ချီဖွေဒေသခံအမျိုးသမီးတစ်ဦးက သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

အဲဒီဂိတ်ဟာ လမ်းပိုင်းမှာ ဝါးလုံးတားထားတာမျိုး၊ ဂိတ်ဖြစ်ကြောင်း ထင်ပေါ်အောင် တစ်စုံတစ်ရာ လုပ်ထားခြင်းမရှိပဲ လမ်းရဲ့အပေါ်ဘက်မှာသာ စခန်းချထားပြီး လမ်းသွားလမ်းလာတွေကို လှမ်းအော်တားမြစ်ကာ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ထောက်ခံစာနဲ့ ဒေသခံဟုတ်၊မဟုတ် စသဖြင့် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်တဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့ ခရီးသွားတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့အပတ်က အမှုတော်ဆောင်တွေစီးတဲ့ အသင်းတော် ကားတစ်စီးလည်း အဲဒီလမ်းပိုင်းကနေ ဖြတ်လာစဉ် ဂိတ်ဖြစ်ကြောင်း ဝါးလုံးတားထာမျိုးလည်း မတွေ့ရတာကြောင့် ဂိတ်ကိုမမြင်ပဲ ဖြတ်လာမိကာ အဲဒီဂိတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး ကားပြန်ခေါက်ဖို့ ပြောဆိုခြိမ်းခြောက်ခဲ့တာကြောင့် အဆင်မပြေမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲဒီလမ်းပိုင်းကနေ ဖြတ်လာတဲ့ အခြားကားတွေ၊ ခရီးသည်တွေနဲ့ ဒေသခံတစ်ချို့လည်း အဲဒီဂိတ်စခန်းမှာ အဆင်မပြေမှု မကြာခဏကြုံတွေ့လျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ အဲဒီဂိတ်မှာ ဒေသခံမဟုတ်တဲ့သူတွေ ဖြတ်သွားရင်တော့ ငွေထည့်ရတယ်လို့ ဆိုပါတယ်။ 

အဲဒီဂိတ်နေရာဟာ ချီဖွေဒေသ KIA တပ်ဟာ ၇ နဲ့မသက်ဆိုင်ပဲ KIO/ KIA ဌာနချုပ်မှ တိုက်ရိုက် နေရာချထားခြင်းဖြစ်ကာ KIA တပ်ရင်း ၃၂ အောက် တပ်ခွဲတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒေသခံတွေ အဓိကတောင်းဆိုနေတာကတော့ ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေနဲ့ သေချာစွာ ဆက်ဆံတတ်ဖို့နဲ့ သေချာနားလည်ပြီး ကောင်းမွန်စွာလုပ်ဆောင်တတ်ဖို့ တာဝန်ယူပေးစေလိုကြောင်း တောင်းဆိုနေတာဖြစ်ပါတယ်။ 

“ကိုယ်နဲ့ သက်ဆိုင်တဲ့နေရာ စခန်းတွေထဲက ကလေးတွေကို ဖြစ်နိုင်သလောက် သေချာသိအောင် ရှင်းပြထားရအောင်။ ဘာလို့ဆို ဘယ်လိုကားက ကုန်သည်တွေဖြစ်တယ်၊ ဘယ်လိုတွေက အသင်းတော်နဲ့ ပတ်သက်တဲ့ကားတွေဖြစ်တယ်၊ ကောင်းကောင်းမွန်မွန် သေချာသိအောင် ရှင်းပြထားရရင် ပိုကောင်းမယ်လို့ မြင်တယ်။ အသင်းတော်အမှုတော်ဆောင်တွေမက KIA အမှုထမ်းတွေကိုလည်း ယူနီဖောင်းသာမဝတ်ရင်တော့ မသိရင် မသိသလို လုပ်လာနိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် ကိုယ်နဲ့ သက်ဆိုင်တဲ့ စခန်းထဲက ကလေးတွေကို ကောင်းမွန်စွာ သေချာနားလည်အောင် လုပ်ရအောင်။ ပြီးရင် ဘယ်တပ်၊ ဘယ်ဌာနက ဆိုတဲ့ တံဆိပ်တွေနဲ့ ယူနီဖောင်း ကောင်းကောင်းဝတ်ရအောင်လို့ ပြောချင်တယ်”လို့ သူမက ဆက်လက်အကြုံ တောင်းဆို

ထားပါတယ်။  

မြစ်ကြီးနား – ချီဖွေ – ပန်ဝါ ကြား KIA ဂိတ်စခန်းနေရာတချို့မှာ ဂိတ်တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေမှာ ယူနီဖောင်းဝတ်ထားပေမဲ့ ဘယ်ပုခုံး၊ ညာပုခုံးတွေမှာ ဘာတံဆိပ်မှ ကပ်ထားတာမျိုး မတွေ့ရတာကြောင့် ဘယ်တပ်ဖွဲ့က ဆိုတာ သေချာမသိရတာတွေလည်း ရှိတယ်လို့ လမ်းသွားလမ်းလာတွေက ပြောပါတယ်။ 

မြစ်ကြီးနား – ချီဖွေ ကားလမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဂိတ်စခန်း ၄ ခု ရှိပြီး ချီဖွေ နဲ့ ပန်ဝါကြားမှာလည်း ဂိတ်စခန်း ၄ ခု ရှိတယ်လို့ သိရပါတယ်။  

ချီဖွေတက်လာစဉ်၄ မိုင်ဂိတ်စခန်းမှာတော့ ည ၁၀ နာရီထိုးရင် ဂိတ်ဖြတ်လို့မရတော့ကြောင်း တားမြစ်ချက် ထုတ်ထားတဲ့အပေါ်လည်း ဒေသခံတွေ ထောက်ခံအားပေးတယ်လို့ ပြောဆိုပါတယ်။

ချီဖွေ၊ ပန်ဝါဒေသဟာ ကချင်မျိုးနွယ်စုဝင် လော်ဝေါ် ၊ လချိဒ်မျိုးနွယ်စုတွေ အများအပြား နေထိုင်ကြတဲ့ ဒေသဖြစ်ပြီး ဂျိန်းဖော့စကားသေချာမသိ၊ နားမလည်သူတွေလည်း များပါတယ်။ 

ဒါကြောင့် ဒီဒေသကို တာဝန်ယူထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အစိုးရနဲ့ ဒေသခံပြည်သူတွေကြား ဘာသာစကားနဲ့ပတ်သက်ပြီး အခက်အခဲ စိန်ခေါ်မှုတွေရှိနေတဲ့အပြင် ပြဿနာတွေလည်း မကြာခဏ ဖြစ်ပွားလျက်ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ခုလို လမ်းပိုင်းဂိတ်တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံခရီးသွားများကြား ပြသာနာမဖြစ်အောင် မြစ်ကြီးနား– ချီဖွေ– ပန်ဝါလမ်းပိုင်းဂိတ်တွေမှာ ဒေသခံ မျိုးနွယ်စုဝင်တွေရဲ့ ဘာသာစကား နားလည်တဲ့ သူတွေကို အလေးပေးခန့်အပ်ပေးစေချင်တယ်လို့လည်း ဒေသခံတွေတောင်းဆိုနေပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...