ဗန်းမော်မြို့၊ ဝိုင်းမော်(လမြန်)နဲ့ ဖားကန့်ဒေသဘက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး တစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၅၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာလ ၁၆ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ တစ်ဆင့် သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဗန်းမော်ဘက် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး/ငယ်တွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့ ဖော်ပြထားပြီးတော့ စစ်ကောင်စီဘက်က လေယာဉ် ဗုံး ၂၈၄ ကြိမ်၊ ဒရုန်းဗုံး ၁၃၇ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၆၅၀ ကြိမ်လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
လေယာဉ်ဗုံးကြဲတိုက်ခိုက်တဲ့ နေရာတွေဟာ ဗန်းမော် စစ်မျက်နှာပြင်၊ ဖားကန့်ဒေသ၊ ဝိုင်းမော်မြို့နယ်၊ လမြန်နယ်မြေတွေဘက် အများဆုံးတိုက်ခိုက်ခဲ့ပြီး တပ်မဟာ ၇၊ တပ်မဟာ ၄ အပြင် တပ်မဟာ ၁ နယ်မြေဘက်ပါ တိုက်ခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗန်းမော်စစ်မျက်နှာပြင်ဘက် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်တပ်ကနေ စစ်ကြောင်းထိုးလာတဲ့ အတွက် တစ်ပတ်တာအတွင်း ခုခံတိုက်ပွဲ ၄၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။
ဒါ့အပြင် စစ်ကော်မရှင်ဘက်က ခြေလျင်စစ်ကြောင်းထိုးနေဆဲ ဖြစ်ပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်တဲ့အတွက် ဗန်းမော်မြို့ဘက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဝိုင်းမော်၊ လမြန်စစ်မျက်နှာပြင်ဘက်လည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ပွဲ ၁၀ ကြိမ်ရှိခဲ့ပြီး မြစ်ကြီးနားဘက်အခြမ်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာ၊ လေယာဉ်နဲ့ တိုက်ခိုက်တာ နေ့တိုင်းရှိတယ်လို့ ဆိုထားပါတယ်။
အခုလို တိုက်ခိုက်တာကို KIA ပူးပေါင်းအဖွဲ့ကနေ ခုခံတိုက်ခိုက်တဲ့အတွင်း စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိရှိရသလို KIA ပူးပေါင်းအဖွဲ့ဘက်ကလည်း သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်တာအတွင်းမှာလည်း ဗန်းမော်၊ ဝိုင်းမော်၊လမြန်နဲ့ ဖားကန့်ဒေသဘက် နေ့တိုင်း တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။







