သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကြောင်းက တောစပ်နီးတဲ့ ရွာတွေနား ပိုထိုးတယ်။ အင်အားအလုံးရင်းနဲ့ကို လာတာ။ တော်လှန်ရေး တပ်ဖွဲ့တွေကို လိုက်ရှာနေတာ။ သူတို့စစ်ကြောင်းထိုးတဲ့နေ့ဆို ခြံမသွားရဘူး။ အခုလည်း ရွာသား (၄) ဦးကို အကြောင်းမရှိ ဖမ်းသွားတယ်။”ဟု ကျောက်ငှက်ကျေးရွာ အုပ်စုမှ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား (၄)ဦးသည် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားများဖြစ်ကာ (၃)ရက် ကြာသည်အထိ အဆက်သွယ်မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ စစ်ကော်မရှင်တပ်သည် ကျေးရွာအနီး စစ်ကြောင်းထိုးပြီး အရပ်သားများကို အကြောင်းရင်းမရှိ မကြာခဏ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း ရွာငံဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလ ပထမပတ်တွင်လည်း စစ်ကော်မရှင်သည် အရပ်သား (၇)ဦးကို ဖမ်းဆီးသွားခဲ့ပြီး ယနေ့(နိုဝင်ဘာ ၁၇)ရက်ထိ ပြန်မလွှတ်ပေးသေးကြောင်း သိရသည်။
ထို့အပြင် ရွာငံမြို့နယ် ကျောက်မြောင်းကျေးရွာ အုပ်စု၊ သိမ်ကုန်းကျေးရွာ အုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ကူပြင်ကျေးရွာအုပ်စု၊ လင်းဝေး ကျေးရွာ အုပ်စု တို့တွင် စစ်မှုထမ်း အမှတ်စဉ် (၁၉)အတွက် တစ်အိမ်လျှင် ကျပ်ငွေ (၅ထောင်)မှ တစ်သောင်းအထိ ကောက်ခံနေကြောင်း ရွာငံမြို့နယ် ကျောက်ကူပြင် ကျေးရွာအုပ်စုမှ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“စစ်မှုထမ်းကြေးဆိုပြီး လူငယ်ရှိတဲ့ အိမ်တွေဆို တစ်သောင်း၊ မရှိတဲ့အိမ်ဆို ငါးထောင်ထည့်ရတယ်။ ကိုယ်စားဖို့ အသာထား သူတို့ကို ထည့်ဖို့ အရင်ရှာထားရတယ်။ စစ်ကော်မရှင်တပ် ကိုယ်တိုင်က လာကောက်တာ မဟုတ်ဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လာကောက်တာ။” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းကြေးလိုက်လံကောက်ခံရာတွင် စစ်ကောင်စီသတ်မှတ်ထားသည်ထက် ပိုကောက်ပြီး ၎င်းတို့ အုပ်ချုပ်ရေးမှူးက ငွေကြေးမတရားယူနေမှုလည်း ရှိကြောင်း အဆိုပါ အမျိုးသမီးက ဆိုသည်။
ယခုလက်ရှိရွာငံ မြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ရနဲ ကျေးရွာအုပ်စုနှင့် ကျောက်ပိဇပ် ကျေးရွာအုပ်စု တို့တွင် စစ်ကော်မရှင်တပ်က လာရောက်တပ်စွဲထားပြီး ကျေးရွာ အဝင်ထွက်များကိုလည်း ပိတ်ဆို့ကာ တင်းကျပ် စစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၈)ရက်တွင် ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီး စစ်ကော်မရှင်က ကျေးရွာအဝင်ထွက်ကို ပိတ်ပြီး စစ်ဆေးမှု လုပ်ဆောင်နေသည်။







