ရေးမြို့နယ် လိပ်ပုတ်ရွာတိုက်ပွဲတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး အဆောက်အဦးအချို့ ပျက်စီး

ရေးမြို့နယ် လိပ်ပုတ်ရွာတိုက်ပွဲတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး အဆောက်အဦးအချို့ ပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်၏ လက်နက်ကြီးအသုံးပြု ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးအချို့ ပျက်စီးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က လိပ်ပုတ်ရွာဘက်သို့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် ရေးဘီလူးအဖွဲ့တို့က ကျေးရွာအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်တပ်ဖွဲ့ဘက်မှ တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ကို ပစ်မှတ်ထားကာ လက်နက်ကြီးအမြောက်အများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

"သူတို့ပစ်တဲ့ လက်နက်ကြီးက ရွာအပြင် မကျော်ဘဲနဲ့အကုန်လုံးရွာထဲမှာပဲ ကျတာ၊ ရွာထဲကျတဲ့အလုံး၊ ဆိုင်ထဲကျပြီးမီးလောင်သွားတဲ့အလုံး၊ မကွဲဘဲကျနော်တို့ မြှပ်လိုက်ရတဲ့အလုံးတွေရောက ၇ လုံး ၈ လုံးလောက်ရှိမယ်။ ရန်သူဘက်ပစ်တဲ့လက်နက်အကုန်လုံးက လက်နက်ကြီးတွေကြီးပဲ။ သူတို့က ကပ်လာမရဲတော့ လက်နက်ကြီးထုထုပြီး ပြန်ဆုတ်သွားတာ"ဟု ‌၎င်းက ဆိုသည်။

စစ်ကော်မရှင်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်  လိပ်ပုတ်ရွာနေ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပေါင်တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး  ဆေးကုသမှုခံယူနေရကြောင်း ဆိုသည်။

၎င်းအပြင်  ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများ၏ နေအိမ်သုံးလုံးနှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေအနေကြောင့် ထောင်နှင့်ချီသည့် လိပ်ပုတ်ရွာခံများ ဘေးလွတ်ရာနေရာများဖြစ်သော လိပ်ပုတ်တစ်ဖက်ကမ်း တောတောင်နှင့် နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု လိပ်ပုတ်ဒေသခံတစ်ဦးက ပြောသည်။

"ဒေသခံတွေက တိုက်ပွဲဖြစ်ကတည်းက ကြောက်နေကြတော့ ထွက်ပြေးကြတယ်ပေါ့လေ၊ ခုတော့ အခြေအနေငြိမ်လာတော့ နည်းနည်းပါးပါးပြန်လာကြပြီး။ သက်ကြီးရွယ်အိုတွေ ကလေးတွေကတော့ တိမ်းရှောင်နေကြတုန်းပဲ"ဟု ၎င်းက ဆိုသည်။

ယနေ့တွင် စစ်ကော်မရှင်တပ်ဖွဲ့များ လိပ်ပုတ်ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့သော်လည်း ဒေသခံအချို့က ဘေးလွတ်ရာတိမ်းရှောင်နေဆဲဖြစ်ပြီး ကျေးရွာအတွင်း ဒေသခံအနည်းငယ်သာ ကျန်ရှိနေကြောင်းလည်း သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ငါးကလေးချောင်းကျေးရွာမှတစ်ဆင့် ကျောင်းရွာကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...
CJ(ယခင်ပုံဟောင်း)
April 7, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ထိန်းချုပ်ရာ...