တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်အုပ်စုတပ်က ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့ပေါ် အခြေစိုက် ဝင်းဝစခန်းမှ တစ်ဆင့် နိုဝင်ဘာ ၈ ရက်နေ့မှစ၍ မြို့နယ် အောက်ပိုင်းကျေးရွာ များသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ပြီး လမ်းတလျှောက် နေအိမ်များ မီးရှို့ခံရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။
“ပြီးခဲ့တဲ့ရက်က စစ်ကြောင်းကရငဲရွာဘက်က ဘုန်းကြီးကျောင်းမှာ ရောက်နေတာ။ အဲ့ကနေတစ်ဆင့်ပြီး
တစ်ဆင့် စစ်ကြောင်းဆက်တိုက်ထိုးတယ်။ နေအိမ်တွေကိုလည်း စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာ မီးရိူ့သွားတယ်လို့လည်း သိထားရတယ်။ ဘယ်နှစ်လုံးအထိ ဖျက်ဆီးထားလည်းတော့မသိရဘူး။ ရွာထဲကိုလည်း ဝင်လို့မရသေးတဲ့ အတွက်ကြောင့်။ အခုချိန်မှာ ဒေသခံတော်တော်များများကတော့ ရှောင်ကုန်ကြပြီး ရွာလုံး ကျွတ်ပေါ့”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုလို စစ်ကြောင်းထိုးဝင်ရောက်လာ ခြင်းကြောင့် မင်းဒပ်ရွာ၊ သင်းကျွန်းရွာ၊ ဝါရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကြက်ခမောက်ရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာနှင့် အနီးရှိကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ အနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
လက်ရှိ ဒေသခံများအနေဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာရသည့် ကာလမှာ သုံးရက်နီးပါး ရှိလာပြီးဖြစ်၍ စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိသည်ဟု သရက်ချောင်းမြို့နယ် မြေပြင် စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက ပြောဆိုသည်။
“စစ်ကြောင်းက အောက်ဘက်ပိုင်းနေရာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက် ထိုးခံထိတဲ့ရွာတွေကနေရော၊ စစ်ကြောင်းမထိုးရသေးတဲ့ရွာတွေကနေရော ဒေသခံတွေက ကြိုတင်ပြီးရှောင်ကြတာတွေလည်းရှိနေတော့ ရှိနေတဲ့ ရိက္ခာတွေနဲ့ မျှဝေစားသောက်ရတဲ့ အခြေနေတွေရှိတယ်။ ကာလကြာလာရင်တော့ စားနပ်ရိက္ခာပြဿနာ တွေ ရှိလာနိုင်တယ်။ ပြီးတော့ လမ်းတော်တော်များများကလည်း စစ်တပ်ဘက်က ပိတ်ဆို့ထားတဲ့အခြေနေမှာ ရှိနေပါတယ်”ဟု ၎င်းက ပြောသည်။
အလားတူတနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ကြောင်း ထိုးလာရာ တိုက်ပွဲ များဖြစ်ပွားနေပြီး ရွာသားများ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း မြိတ်-ထားဝယ် လမ်းပိုင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာအနီးကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများထပ်မံ လုပ်ဆောင် သွားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းတွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုများ၏ နှစ်ဖက်တိုက်ပွဲများအပြင် စစ်အုပ်စုတပ် ၏ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၈၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ရဲ့ အစီရင်ခံစာများအရ သိရသည်။







