ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ
Photo credit - CJ
Photo credit - CJ

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခု နိုဝင်ဘာလဆန်းပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၌ နမ့်မောချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တချို့က စပါးတွေ ရိတ်ပြီးတော့ လယ်ကွင်းထဲမှာ ဒီအတိုင်း ပုံထားမိတာ။ မိုးလည်း ညကနေ မနက်ထိ အဲဒီလို ရွာလိုက်တော့ တောင်ကျရေကြီးလို့ မနက်သွားကြည့်တဲ့ အချိန်မှာ ရိတ်ထားတဲ့ စပါးတွေ မကျန်ဘဲ ရေထဲ အကုန်ပါသွားတာမျိုး ကြုံရတာ ရှိတယ်။ ချောင်းနဲ့ နီးတဲ့ စပါးခင်းတွေ တော်တော်များများလည်း ရေတွေဝင်တယ်” ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

ထိုသို့ မိုးကြီးပြီး တောင်ကျရေကြောင့် နမ့်မောချောင်းတစ်လျှောက်တွင် စိုက်ပျိုးထားသည့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးခဲ့ရသည့်အပြင်၊ ရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးအနီးရှိ လယ်ခင်းများ ပျက်စီးသွားသည့် ဒေသခံများလည်း ရှိကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“တချို့လယ်ကွက်တွေကျတော့ ရေတိုက်စားသွားတာ။ ချောင်းနဲ့ နီးတော့ ကမ်းပါးပြိုကျတာမျိုး ပါ။ သူတို့တွေဆို နောက်နှစ် ဘယ်လို စပါးပြန်စိုက်ရမလဲတောင် မပြောတတ်ဘူး။ အခုချိန်ထိ ဧက ဘယ်လောက် ပျက်စီးသွားလဲ ဆိုတာမျိုးတော့ အတိအကျ မပြောနိုင်ဘူး။ များတာကတော့ များတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ သဘာဝဘေးကြောင့် ရိတ်သိမ်းထားသည့် စပါးများ ရေမြုပ်ပြီး ပျက်စီးဆုံးရှုံးသည့်အပြင် မရိတ်သိမ်းရသေးသည့် စပါးများလည်း အခါလွန်မိုး ရွာသွန်းမှုကြောင့် စပါးနှံများကြွေခြင်း၊ ရွှံ့နွံများအောက် ရောက်သွားခြင်း၊ ရိတ်သိမ်းရန်မလွယ်ကူခြင်းတို့ကြောင့် ယခုနှစ်အတွင်း အထွက်နှုန်း မကောင်းမည်ကို စိုးရိမ်မိကြောင်း နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအပြင် ခမောပါ ပန်ကိုင်ရွာတစ်လျှောက်တွင်လည်း တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်မှုရှိနေပြီး ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။

အလားတူ နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ မြို့မရပ်ကွက်တွင် နေအိမ်(၄) လုံး နစ်မြုပ်ခဲ့ကြောင်း၊ နမ္မတူနှင့် မိုင်းဘော်သို့ ဆက်သွယ်ထားသည့် နမ့်ရီးတံတား ရေနစ်မြှုပ်ကာ နမ္မတူ-မန်တုံ ဆက်သွယ်ထားသည့် လမ်းမကြီးလည်း မြေပြိုမှုကြောင့် လမ်းမကြီး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် နိုဝင်ဘာလဆန်းပိုင်းအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာနှင့် သိန္နီမြို့နယ် တို့တွင်လည်း ချောင်းရေမြင့်တက်ကာ စပါးခင်းနှင့် ပြောင်းခင်းများ ဧက ရာနှင့်ချီ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...