ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်၌ စစ်ကော်မရှင်တပ် ၃ နေရာတွင် စစ်ကြောင်းထိုး

ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်၌ စစ်ကော်မရှင်တပ် ၃ နေရာတွင် စစ်ကြောင်းထိုး

ချင်းပြည်နယ်တွင် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စေရန်အတွက် နေရာသုံးခုတွင် စစ်ကြောင်းထိုးနေကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် တီးတိန်မြို့နယ် ခိုင်ကမ်းမှ ဖလမ်း -တီးတိန်လမ်းဆုံ သိုင်းငင်းရွာဘက်သို့ တက်လာသော အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်း၊ ကလေးမြို့နယ်တောင်ပိုင်း နည်းပညာတက္ကသိုလ်မှ ထွက်လာသောစစ်ကြောင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့ မြောက်ပိုင်းမှ ပျူစောထီးနှင့် စစ်ကော်မရှင်တပ် ပူးပေါင်းအဖွဲ့သည့် ချင်းပြည်နယ်၊ ဝေဘူလသို့ ရောက်ရှိနေခြင်းဖြစ်သည်။

၎င်းအပြင်း တီးတိန်မြို့ပေါ်မှ အင်အား ၂၀၀ ကျော်ဖြင့် ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် တီးတိန် -သိုင်းငင်းလမ်းကို စစ်ကြောင်းထိုးလာခဲ့ပြီး စစ်ရေးအရ အချက်အခြာကျသည့် ကနေဒီတောင်ကို ထိန်းချုပ် လိုက်ကြောင်းသိရသည်။

“အခုလတ်တလော အခြေအနေအရ စစ်ကော်မရှင်တပ် စစ်ကြောင်းတွေက နယ်မြေပြန်သိမ်းဘို့ ဆိုတာထက် သူတို့ ရွေးကောက်ပွဲလုပ်မဲ့မြို့တွေ အနှောက်အယှက်မရှိ လုပ်လိုတဲ့အတွက်လို့ပဲ ထင်ရပါတယ်” ဟု တီးတိန်မြို့နယ်အတွင်းအခြေစိုက် CDF CDM Siyinတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

ကလေးမြို့ဘက်မှ သိုင်းငင်းကျေးရွာဖက်သို့တက်လာသောစစ်ကြောင်းနှင့် မွာလ်ပီကျေးရွာအနီးတွင် အောက်တို ဘာလ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သည် ယနေ့(နိုဝင်ဘာ၆ရက်) အထိ ရှေ့ဆက်တိုးလာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

အခြားလမ်းကြောင်းတခုဖြစ်သော ဖလမ်းမြို့နယ် ဝေဘူလကျေးရွာသို့ ရောက်ရှိနေသော အင်အား ၅၀၀ နီးပါးရှိသော စစ်ကြောင်းမှာလည်း နိုဝင်ဘာ ၅ ရက် ယမန်နေ့က ရောက်ရှိပြီး ဆက်လက်လှုပ်ရှားခြင်း မရှိသေးကြောင်း သိရသည်။

စစ်ပွဲအတွင်း အနိုင်နှင့် အရှုံးရှိနိုင်ပြီး မိမိတို့ဘက်က ဆုတ်ခွာပေးရသည်များလည်း ရှိနိုင်သော်လည်း စိတ်ဓါတ်မကျ အားမလျော့ဘဲ စစ်ကော်မရှင်တပ်ကို အနိုင်ရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ယင်းသို့ တိုက်ခိုက်နိုင်ရန်အတွက် ပြည်သူများက ထောက်ခံပံ့ပိုးကြရန် လိုအပ်ကြောင်း CDF CDM Siyin တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အလားတူ ချင်းပြည်နယ်၊ ဟာခါးမြို့မှ ကိုးမိုင်အကွာခန့်ရှိ လို့လွန်ကျေးရွာအနီး ချင်းကာကွယ်ရေး (ဟားခါး) တပ် ဖွဲ့၏ ဂိတ်စခန်းတခုကို နိုဝင်ဘာလ ၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်က ဝင်ရောက်တိုက် ခိုက်ကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟာခါး) မှ ရဲဘော်တဦးကျဆုံးခဲ့ ကြောင်းနှင့် တိုက်ပွဲအပြီး စစ်ကော်မရှင်တပ် ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း ယခုကဲ့သို့ စစ်ရေးလှုပ်ရှားလာခြင်းသည့် ရွေးကောက်ပွဲအတွက် ဖြစ်နိုင်ကြောင်း အမည်

မဖော်လိုသည့် စစ်ရေးလေ့လာသူတဦးက ဆိုသည်။

“အဓိက တီးတိန်နဲ့ ဟားခါးမှာ ရွေးကောက်ပွဲလုပ်မှာဆိုတော့ အပြင်ကနေ လာပြီး မတိုက်နိုင်အောင် နယ်မြေရှင်းလင်းတဲ့သဘောလို့ ယူဆရတယ်” ဟု ၎င်းကဆိုသည်။

စစ်ကော်မရှင်က ပြုလုပ်မည့် ဒီဇင်ဘာ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်းတွင် ချင်းပြည်နယ်မြို့တော် ဟာခါးနှင့် တီးတိန်မြို့နယ်တို့ ပါဝင်ပြီး ယင်းမြို့နယ်များတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကော်မရှင်က နိုင်ငံတဝှမ်း မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့် အောက်တို ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ ရက်ပေါင်း ၉၀ ထုတ်ပြန်ရာတွင် ချင်းပြည်နယ်က ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် နှစ်မြို့နယ်မှအပ ကျန်မြို့နယ်များဖြစ်သော မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန် ၊ဖလမ်းနှင့် တွန်းဇံမြို့နယ်များ ပါဝင်သည်။

အဆိုပါမြို့နယ်များအတွင်း မြေပြင်မှ စစ်ကြောင်းထိုးလာနိုင်ခြင်း မရှိသော်လည်း စက်တင်ဘာ ၁၀ရက်မှ အောက်တိုဘာ၂၈ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ်ပြုလုပ်ထားကြောင်း မဇ္ဈိမ၏ အချက်အလက်များအရ သိရသည်။

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ချင်းလဲန်းကောင်စီ(CC) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့အကြား သဘောထားကွဲလွဲ၍ အချို့နယ်မြေများတွင် စစ်ရေးတင်းမာလျက်ရှိရာ စစ်ကော်မရှင်တပ် စစ်ကြောင်းများ ထိုးလာချိန်တွင် စည်းလုံးညီညွတ်၍ ဘုံရန်သူကို တိုက်ခိုက်ကြရန် ချင်းပြည်သူအများက တိုက်တွန်းလျက်ရှိသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...