ဖာပွန်ခရိုင်က စစ်တပ်စခန်းတွေ မကျရေးအတွက် လေယာဉ်နဲ့ ရိက္ခာခဲယမ်းတွေ ပို့ဆောင်နေ

ဖာပွန်ခရိုင်က စစ်တပ်စခန်းတွေ မကျရေးအတွက် လေယာဉ်နဲ့ ရိက္ခာခဲယမ်းတွေ ပို့ဆောင်နေ
Photo credit - MOI
Photo credit - MOI

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေ မကျရေးအတွက် စစ်ကော်ရှင်တပ်ဟာ လေယာဉ်နဲ့ စားနပ်ရိက္ခာတွေပါအဝင် လက်နက်ခဲယမ်းတွေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက စစ်ကော်မရှင်တပ်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ကတိုင်တိတပ်စခန်းထဲကို လေယာဉ်နဲ့ ရိက္ခာထုပ်တွေ လာရောက်ချပေးခဲ့သလို ဖာပွန်စစ်ဗျူဟာနဲ့ အခြားတပ်စခန်းတွေဆီကိုလည်း စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ရိက္ခာထုပ်တွေ လာရောက်ချပေးခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ကတိုင်တိစခန်းထဲ လာရောက်ချထားပေးခဲ့တဲ့ အထုပ်တွေဟာ အများအားဖြင့် စားနပ်ရိက္ခာတွေဖြစ်ကြပြီး လက်နက်ခဲယမ်း၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်း စတာတွေ တခါတလေ ပါဝင်ပြီး ရိက္ခာထုပ်ပစ္စည်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိတာတွေရှိတယ်လို့ ဆိုပါတယ်။

ကတိုင်တိစခန်းအပါအဝင် ဖာပွန်စစ်ဗျူဟာနဲ့ တပ်မဟာ ၃ တပ်မဟာ ၅ အစပ်နားက ဘော်စဲခို လယ်မူပလော စတဲ့ စစ်ကော်မရှင်တပ်စခန်းတွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုအဖွဲ့တို့ရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံခဲ့ရတဲ့အတွက် စစ်ကော်မရှင်တပ်ဟာ လေယာဉ်ကနေသာ ရိက္ခာတွေကို ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာလကုန်ပိုင်းက ကမမောင်းမြို့အနီး ကမမောင်း-ကတိုင်တိလမ်းပေါ်က ဝါးဒူးရွာမှာ ခြေကုပ်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဝါးဒူးရွာကနေ ကတိုင်တိရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထပ်မံထိုးခဲ့ရာ KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

အဲဒီတိုက်ပွဲထဲမှာ စစ်ကော်မရှင်တပ်ဘက်က ထိခိုက်မှုရှိခဲ့တဲ့အတွက် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဝါးဒူးရွာထဲမှာ ပြန်လည်တပ်စွဲနေရာယူထားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ကမမောင်းမြို့အနီး ဝါးဒူးရွာမှာ ခြေကုပ်တပ်စွဲနေထိုင်တဲ့ စစ်ကော်မရှင်တပ်ဟာ ဗိုလ်ဘိရဲ့ DKBA ခွဲထွက်အဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် BGF တို့ရဲ့ ပူးပေါင်းကူညီမှုနဲ့ ကတိုင်တိစခန်းဆီ စစ်ကူပေးပို့နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားလုပ်ဆောင်နေပြီး ကတိုင်တိကနေ ဖာပွန်ဗျူဟာဆီ စစ်ကူဆက်ပို့နိုင်ဖို့ စစ်ကော်မရှင်တပ်က ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်က ဖာပွန်ခရိုင် ကမမောင်း-ဖာပွန် ကားလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေသလို တဖက်မှာလည်း အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကိုလည်း မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...
February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...
February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...