ပဋိပက္ခကြောင့် ကလေးများ စိတ်ဒဏ်ရာများ ရရှိနေဟု KHGR အစီရင်ခံစာ၌ ဖော်ပြထား

ပဋိပက္ခကြောင့် ကလေးများ စိတ်ဒဏ်ရာများ ရရှိနေဟု KHGR အစီရင်ခံစာ၌ ဖော်ပြထား
Photo credit - KHRG
Photo credit - KHRG

ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် စစ်အုပ်စုက အရပ်သားများကို လေကြောင်း လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ထိုဒေသအတွင်းရှိ ကလေးငယ်များသည် အကြောက်တရားများဖြင့် စိတ်ဒဏ်ရာရကာ နေထိုင်ရသည်ကိုတွေ့ရသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာကို “ခိုးယူဖျက်ဆီးခံရသည့် ကလေးဘဝများ” ခေါင်းစဉ်ဖြင့် ပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာ ရှင်းလင်းပွဲကို အွန်လိုင်းမှတစ်ဆင့် အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထဲ၌ ၂၀၂၄ မှ ၂၀၂၅ခုနှစ်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် ကလေးများ အခြေအနေများကို ပြုစုမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုများနှင့် ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်မှုများကြောင့် ကလေးများသည် မိဘဆုံးရှုံးမှုများကြုံတွေ့နေခြင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုများနှင့် အဓ္ဓမ ဖမ်းဆီးခံရမှုများ ကြုံတွေ့နေ၍ စိတ်ဒဏ်ရာများ ရနေသည်ဟု အစီရင် ခံစာ၌ ဖော်ပြထားသည်။

အရပ်သားပြည်သူများ ပိုင်ဆိုင်သည့် စာသင်ကျောင်းများ၊ ကျန်းမာရေး အဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်အဆောက်အဦးများကို ပစ်မှတ်ထားကာ စစ်အုပ်စုဘက်မှ လေကြောင်း၊ ဒရုန်းများနှင့် ပစ်ခတ်သောကြောင့် ကလေးငယ်များ စာသင်ကြားခွင့် ဆုံးရှုံးရသည့်အပြင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတော့ဘဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေရဟုလည်း ထောက်ပြထားသည်။

အစီရင်ခံစာထဲ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ဇွန်လအထိ အာဏာသိမ်းစစ်အုပ်စုက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂတားမြစ်ချက် ဖောက်ဖျက်ကျူးလွန်သည့်မှု ၆ မှု ရှိပြီး အပစ်မဲ့ ကလေး ၁၃၃ ဦး သေဆုံးရသည့်အပြင် မတရားတပ်သားသစ်စုဆောင်းခံရမှု ၁၅ မှု၊ လိင်အကြမ်းဖက်ခံရမှု တစ်မှု၊ ပညာရေး၊ ကျန်းမာရေးအဆောက်အဦး တိုက်ခိုက်ခံရမှု ၆၂ မှု ရှိသည်ဟု KHRG က ဆိုသည်။

စစ်ပဋိပက္ခကြောင့် ကလေးငယ်များသည် လိုအပ်သည့် ကာကွယ်ဆေးများ ထိုးခွင့်မရသလို ကိုယ်ဝန် ဆောင်မိခင်များလည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဟာရရှိသည့်အစားအသောက်များ သက်သောင့် သက်သာရှိသည့် နေရာထိုင်ခင်းများမရသည်အတွက် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုများလာနေသည်ဟု သိရသည်။

ထို့အပြင် ကလေးများ အဟာရချို့တဲ့မှုများနှင့် ကူးစက်ရောက်ဂါဖြစ်ပွားမှု ပိုမိုများလာသည်ကိုလည်း တွေ့ရှိ ရသည်ဟု ကျန်းမာရေးရှုထောင့်နှင့် ပတ်သက်၍ အစီရင်ခံစာ ရှင်းလင်းပွဲ တက်ရောက်လာသည့် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ယခုလို ပြောသည်။

“ကလေးမိခင်အတွက် လုပ်ဆောင်ပေးတာကလဲ ကလေးအခွင့်အရေး လုပ်ဆောင်တာဖြစ်တယ်။ ကလေး အခွင့်အရေးကာကွယ်ဖို့ ကျမတို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ဖို့လိုတယ်။ နိုင်ငံတိုင်းမှာ အားကောင်းတဲ့ လူ့အခွင့်အရေးအင်စတီကျူ့ လိုတယ်။ ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် လူ့အခွင့်အရေးချိုးဖောက်ရင် မှတ်တမ်းတင်တဲ့အဖွဲ့အစည်းတွေ လိုတယ်။ ဒါမှကလေးတွေက စိတ်လုံခြုံမှုရရှိမှာ ဖြစ်တယ်” သူမက ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် လေးနှစ်ကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သား ၆,၇၆၄ ဦး သေဆုံးရကာ ထိုအထဲတွင် အမျိုးသမီး ၁,၄၀၉ ဦးနှင့် ကလေး ၈၁၀ ဦးသေဆုံးရသည်ဟု အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...