Fact Check၊ Dawei Watch/ KIC/ The Red Flag/ MFCN
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းမ ပေါ်မှာရှိတဲ့ လဘကျေးရွာက နေအိမ် လေးဆယ် လောက်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အပေါ် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က စစ်အာဏာရှင်တပ်က မီးရှို့တာမဟုတ်ဘဲ KNU နဲ့ PDF တပ်ဖွဲ့တွေက မီးရှို့ခဲ့တာဖြစ်တယ်ဆိုပြီး အောက်တိုဘာလ ၂၅ ရက်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ လဘရွာသို့ မရောက်လာခဲ့ဘူးလို့လည်း ရေးသားထားပါတယ်။
FACT CHECK အမည်နဲ့ ဖွင့်လှစ်ထားတဲ့ အဲဒီချန်နယ်ကို Subscriber ပြုလုပ်သူ တစ်သောင်းရှစ်ထောင်ကျော် ရှိပါတယ်။ အထက်ပါဖြစ်ရပ် ဖြန့်ချိမှုကိုတော့ ကြည့်ရှူသူ နှစ်ထောင်ကျော်နဲ့ Reaction ပြုလုပ်ထားသူ ငါးဆယ်ရှိပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/bkibS
ဆက်စပ်ကူးယူဖော်ပြတဲ့ Min Din အမည်နဲ့ စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်ရဲ့ သတင်းအမှားလင့်ခ် – https://archive.ph/gOyQB
အဲဒီဖြန့်ချိမှုကို Myanmar Fact-Checking Network အဖွဲ့ဝင် KIC နဲ့ Dawei Watch တို့က အချက်အလက်နှင့်တကွ စစ်ဆေးကြည့်ရာတော့ ပုံဖျက်ဖော်ပြထားတဲ့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
လဘရွာကို စစ်ကြောင်းထိုးလို့ စစ်ရေးတင်းမာပြီး ကားလမ်းပိတ် အောက်တိုဘာလ ၂၁ ရက်မှာ
စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ ဆင်ကူး ၊ ကျွဲဇပ် ၊ ဆင်ကျန်း ၊ ချောက်ချောင်း စတဲ့ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် အောက်တိုဘာလ ၂၂ရက်မှာ မြိတ်-ထားဝယ်ကားလမ်း ကို တော်လှန်ရေးတပ်တွေဘက်က ပိတ်ခဲ့တာကို Dawei Watch က သတင်းဖော်ပြထားတာရှိပါတယ်။
Dawei Watch သတင်းလင့်ခ် – https://tinyurl.com/3rfx8c52
အောက်တိုဘာ ၂၂ရက်မှာ Mizzima သတင်းဌာနက သတင်းဖော်ပြချက်အရ အောက်တိုဘာ ဒုတိယအပတ်ကတည်းက သရက်ချောင်းမြို့နယ်အပါအဝင် တနင်္သာရီ၊ လောင်းလုံး၊ ပုလော၊ ထားဝယ် မြို့နယ်တွေကို စစ်အာဏာရှပ်တပ်က စစ်ကြောင်း ဝင်ရောက်နေတယ်လို့ ဖော်ပြပါတယ်။ စစ်ကြောင်းဝင်လာတဲ့ ရွာတွေမှာ သရက်ချောင်းမြို့နယ်၊ ဆင်ကျန်း၊ ကျွဲဇပ် အနီးအနားရွာများလည်း ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
Mizzima သတင်းလင့်ခ် – https://shorturl.at/NemVZ
ဒါ့အပြင် Google Maps ကို အသုံးပြုပြီး နေရာကို စိစစ်ကြည့်ရာ ဆင်ကျန်းရွာ၊ ကျွဲဇပ်ရွာတို့မှာ မြိတ်-ထားဝယ် ကားလမ်းကြီးနံဘေးရှိပြီး မီးရှို့ခံရတဲ့ လဘရွာနဲ့ အဖြောင့်တိုင်းလျှင် ၁ မိုင်ကျော်ကျော်သာ ကွာဝေးတာ တွေ့ရပါတယ်။
Google Map- https://tinyurl.com/3m4bth8u
ဒါကြောင့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြသလို လဘရွာနဲ့ ဝန်းကျင်ကို စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ငြင်းဆိုချက်ဟာ မမှန်ကန်တာကို ဒေသခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေကို ကိုးကားဖော်ပြတဲ့ သတင်းတွေအရ စိစစ်တွေ့ရှိရပါတယ်။
လဘရွာမှာ တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ်က နေအိမ်တွေကိုမီးရှို့
အောက်တိုဘာလ ၂၃ရက် နံနက် ၉ နာရီဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်သံတွေ စတင်ကြားပြီး နံနက် ၁၀ နာရီဝန်းကျင် လောက်မှာ လဘကျေးရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ လဘကျေးရွာနဲ့ အနီးဝန်းကျင်ရှိ ပိတိုင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက Dawei Watch ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးတာလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း ဆိုပါတယ်။
အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က ကနဦးသတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/0yuzk
လဘကျေးရွာစာသင်ကျောင်းအနီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်အာဏာရှင်တပ်အကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်အာဏာရှင်တပ်က လဘကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံအချို့ကို ကိုးကားပြီး Dawei Watch က အောက်တိုဘာလ ၂၇ ရက်မှာ နောက်ဆက်တွဲ သတင်းဖော်ပြထားပါတယ်။
အိမ်ခြေ တစ်ရာလောက်ရှိတဲ့ လဘကျေးရွာမှာ တစ်ဝက်နီးပါး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဆင်ကျန်း၊ ပိတိုင်စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက အရပ်သားပြည်သူနေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကိုလည်း စစ်ကြောင်းက ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လဘရွာနဲ့ ဝန်းကျင်ကို ရောက်ခဲ့တဲ့ အင်အား ၁၅၀ လောက်ပါတဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ ၂၆ ရက်မှာတော့ သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်နဲ့ ဆင်ကူးရွာဘက်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ နေရပ်ပြန်ဝင်နေကြပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Dawei Watch က ဖော်ပြတဲ့ နောက်ဆက်တွဲသတင်းလင့်ခ် – https://shorturl.at/Pw9xH
KNU လှုပ်ရှားမှုရှိတဲ့ နယ်မြေတွေအတွင်း သတင်းလွှမ်းခြုံဖော်ပြနေတဲ့ KIC သတင်းဌာနကလည်း လဘရွာမှာ အောက်တိုဘာ ၂၃ ရက်က တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ရွာအတွင်းဝင်ပြီး အိမ်မီးရှို့သွားတဲ့ သတင်းကို တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
KIC သတင်းလင့်ခ် – https://shorturl.at/RzhwI
KNU မြိတ် – ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပြန်ကြားရေးဌာနကလည်း သရက်ချောင်းမြို့နယ် လဘကျေးရွာမှာ စစ်အာဏာရှင်တပ်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် ရွာရှိနေအိမ်(၄၂)လုံး ပျက်စီးတယ်လို့ ဓာတ်ပုံများနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
KNU ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/e52tD
စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက လဘရွာကိစ္စနဲ့ ပတ်သက်ပြီး သတင်းအမှားဖြစ်တယ်လို့ စွပ်စွဲထားတဲ့ DVB သတင်းဌာနရဲ့ဖော်ချက်မှာလည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တယ်လို့ပဲဆိုကြပါတယ်။
ဓာတ်ပုံသက်သေများနှင့်တကွ ဖော်ပြထားတဲ့ DVB သတင်းလင့်ခ် – https://shorturl.at/z0Xp3
တနင်္သာရီတိုင်းနဲ့ ဆက်စပ်နေတဲ့ မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာနကလည်း သရက်ချောင်းမြို့နယ် လဘရွာက နေအိမ်တွေကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တာကို သတင်းဖော်ပြထားတာ အောက်မှာကြည့်ပါ။
သံလွင်တိုင်းမ် သတင်းလင့်ခ် – https://shorturl.at/U5C7O
သုံးသပ်ချက်
ဒေသအခြေစိုက်သတင်းဌာန၊ ပြည်တွင်းသတင်းဌာနတချို့ရဲ့ ဖော်ပြချက်တွေအပြင် ဒေသခံတွေရဲ့အတည်ပြုချက်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပြောကြားချက်၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ချက်တွေအရ သရက်ချောင်းမြို့နယ် လဘရွာက နေအိမ်ထက်ဝက်နီးပါးကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တာကို စိစစ်တွေ့ရှိရပါတယ်။
လဘရွာစာသင်ကျောင်းအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တာကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တာကို ဖုံးကွယ်ဖို့၊ KNU နဲ့ PDF တပ်ဖွဲ့တွေကို အပြစ်ပုံချဖို့ ရည်ရွက်ချက်နဲ့ စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်တွေက အချိန်ကိုက်ဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူများအနေနဲ့လည်း သတင်းတု၊ သတင်းမှား ဖြစ်တယ်လို့ သံသယရှိတာဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန၊ အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ ဆက်သွယ်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်တွေကို ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့လည်း တောင်းဆိုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork






