စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၁၂ ဦး ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးသွားခဲ့ပြီး အဲ့ဒီထဲက စစ်သုံ့ပန်း ၅ ဦးကိုပြန်ဖမ်းမိပြီလို့ အမည်မဖော်လိုတဲ့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာဘဲ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁၂ ဦးဟာ ကင်းစောင့်နေတဲ့ ရဲဘော်တွေဆီက လက်နက်တွေယူပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
“တပ်မဟာမှူးကို မိတုန်းကအဖွဲ့တွေ ဟုတ်တယ် လွတ်သွားတာ။ အင်းတော်က မိတဲ့အရာရှိတွေကြီးဘဲ။ အနိမ့်ဆုံးက ၂ ပွင့်။ မြို့နယ်ရဲမှူး တစ်ယောက်ပါတယ်။ အခု ငါးယောက်က ပြန်မိသွားပြီ။ ကျန်တာတွေကတော့ လွတ်နေသေးတယ်။ သေနတ်က သုံးလက် အဲ့တာလည်းပြန်ရပြီ”လို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူစာရင်းဟာ ၁၃ ဦးဖြစ်တယ်လို့ သတင်းဌာနတွေက ရေးသားနေပေမဲ့ မြေပြင်သတင်းရင်းမြစ်တွေကတော့ ၁၂ ဦးသာ ဖြစ်တယ်လို့ တုံ့ပြန်ပြီး ပြန်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၅ ဦးက ဘယ်သူ ဘယ်ဝါဆိုတာ လုံခြုံရေးအရ အတည်ပြုလို့မရသေးကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ သုံ့ပန်းအားလုံးဟာ အနိမ့်ဆုံး ၂ ပွင့်ရှိသူ အရာရှိနဲ့ သူ့နယ်ပယ်နဲ့တူ ရာထူးကြီးသူတွေ ဖြစ်ကြပြီး လက်ရှိအချန်ထိ လွတ်မြောက်နေသူတွေ ရှိသေးတာကြောင့် လေကြောင်း အန္တရာယ်တော့ စိုးရိမ်ရတဲ့အခြေနေလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီအခြေနေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးများရုံးရဲ့ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ခုလိုပြောပါတယ်။
“ကျနော်လည်းအတိအကျတော့ report တောင်းထားတယ်။ မရောက်လာသေးဘူး။ ကျနော်တို့လည်း သတင်းတွေတော့ ကြားတယ်။ ဒါပေမဲ့ အတိအကျ ဘယ်လိုဖြစ်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး report က အခုထိ ကျနော့ဆီ မရောက်သေးဘူး ဖြစ်နေပါတယ်ဗျ”လို့ ပြောပါတယ်။
အင်းတော်မြို့နယ်ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကဘဲ တော်လှန်ရေးအင်အားစုတွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဟာ သိမ်းပိုက်ပြီးချိန်မှ ယနေ့အထိ ဖြစ်ပါတယ်။
အင်းတော်မြို့ကို သိမ်းပိုက်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ထိုးစစ်စခဲ့တာဖြစ်ပြီး ၈ လနီးပါးအကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာဘဲ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲကို NUG ရဲ့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ က အထူး စစ်ကြောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ရွှေဘို၊ ပြင်ဦးလွင်၊ ကလေး၊ မြင်းခြံ၊ ပခုက္ကူ ဒေသတွေ မှာ ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ကျောင်းသားတပ်မတော် ABSDF တို့က ပူးပေါင်းပါဝင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။
အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်ဝင်ပေါက် နန့်စီးအောင်မြို့နဲ့ ၂၇မိုင်အကွာမှာဘဲ တည်ရှိသလို မန္တလေး–မြစ်ကြီးနား ရထားလမ်း၊ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိတဲ့ မြို့ကြီးဖြစ်ပါတယ်။







