ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ခြောက်လတာကာလအတွင်း စစ်ကော်မရှင်က မြို့နယ်ပေါင်း ၁၂၃ ခုတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယင်းမြို့နယ်များ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အင်တာနက် ဖြတ်တောက်ခံထားရကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)က အစီရင်ခံစာထုတ်ပြန်သည်။
ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)က ထုတ်ပြန်သည့် လေကြောင်းရန်နှင့် ဆက်သွယ်ရေး ဖြတ်တောက်မှုများကြောင့် အရပ်သားများအပေါ် ထိခိုက်မှုအစီရင်ခံစာ “ဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုများ” တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။
ထိုခြောက်လအတွင်း လေကြောင်းတိုက်ခိုက်မှု မပြုလုပ်သည့် ရက်သည် ၁၉ ရက်သာရှိပြီး ရန်ကုန်တိုင်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်အားလုံးရှိ မြို့နယ် ၁၂၃ ခုတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၆၄၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း MIP က ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်ခံရသည့် မြို့နယ်များအနက် ၁၁၅ မြို့နယ် (၉၃ ဒသမ ၄၉ ရာခိုင်နှုန်း) သည် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် မြို့နယ်များဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များသည် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးခံခဲ့ရကြောင်း ဆိုသည်။
အင်တာနက်ပြတ်တောက်ခြင်းနှင့် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုများ ရှိနေသည့် မြို့နယ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုဖြင့် ခြိမ်းခြောက်နေသည်ဟု MIP က ပြောသည်။
ထိုလေကြောင်းတိုက်ခိုက်မှုများ၌ အနည်းဆုံး အရပ်သား ဦးရေ ၁,၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး သေဆုံးသူ အားလုံး၏ ၉၆ ရာခိုင်နှုန်းကျော်သည်လည်း ဆက်သွယ်ရေးပြတ်တောက်နေသည့် ဒေသများမှ ဖြစ်ကြောင်း MIP က ဖော်ပြသည်။
“ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများသည် လေကြောင်းတိုက်ခိုက်ခံရမှုအန္တရာယ်နှင့် ပိုမိုကြုံတွေ့ရနိုင်ခြေရှိသည့် အခြေအနေကို မီးမောင်းထိုးပြနေပြီး ဆက်သွယ်ရေးပြတ်တောက်နေသည့် ပဋိပက္ခဒေသများတွင် နေထိုင်သည့် အရပ်သားများသည် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း အသက်အန္တရာယ်ဖြစ်ပေါ်နိုင်ခြေမှာ သိသာစွာမြင့်မားနေကြောင်း” MIP အစီရင်ခံစာက ထောက်ပြသည်။
ထို့အပြင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး ဘာသာရေးနှင့်သက်ဆိုင်သည့် အဆောက်အဦး ၈၃ ခု၊ စာသင်ကျောင်းပေါင်းအနည်းဆုံး ၅၀ ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်း အနည်းဆုံး ၁၉ ခု ထိခိုက်ဆုံးရှုံးခဲ့ကြောင်း MIP အစီရင်ခံစာတွင် ရေးသားထားသည်။
ထိုအစီရင်ခံစာအရ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် အဆောက်အဦး ပျက်စီးမှုကြုံတွေ့ခဲ့ရမှုသည့် ဒေသအများစုသည် အင်တာနက်အပါအဝင် ဆက်သွယ်ရေးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည့် ဒေသများဖြစ်သည်ကို တွေ့ရသည်။
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်မှု လျော့ပါးစေရန်အတွက် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများနှင့် နည်းပညာများ ထောက်ပံ့ပေးရန်နှင့် ဆက်သွယ်ရေးဖြတ်တောက်မှုမျဆက်လက်မပြုလုပ်စေရေး အာဏာသိမ်းစစ်တပ်အား ဖိအားပေးရန် MIP က တိုက်တွန်းထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာပြီး တိုင်းနယ်ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် အင်တာနက်ဖြတ်တောက်ခံရမှုများ ရင်ဆိုင်နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) က ၂၀၂၄ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ထားသည်။







