ဖားကန့်မှာ လုပ်ကွက်ကမ်းပါး ပြိုကျတာကြောင့် အမျိုးသားတစ်ဦးသေဆုံး

ဖားကန့်မှာ လုပ်ကွက်ကမ်းပါး ပြိုကျတာကြောင့် အမျိုးသားတစ်ဦးသေဆုံး
Photo credit - CJ
Photo credit - CJ

ဖားကန့်ကျောက်စိမ်းတွင်းဒေသ မှော်စီစာကျေးရွာမှာ ဒီကမနက် ၉ နာရီဝန်းကျင်လောက် ကျောက်စိမ်း လုပ်ကွက်ကမ်းပါး ပြိုကျတာကြောင့်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်စီစာကျေးရွာ သာယာကုန်းက ကျောက်လုပ်ကွက်ကျင်းတစ်ခုမှာ ကမ်းပါးပြိုလာတဲ့အချိန် ကျောက်တူးနေတဲ့ အမျိုးသားနှစ်ဦးကို မြေစာထိမှန်ခဲ့ပြီးတော့ တစ်ဦးသေဆုံးသွားတယ်လို့ မှော်စီစာဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရေမဆေးသမားတွေ တူးထားတဲ့အရာကနေ ကျောက်ကြောကျိုးကျလာပြီး အဲဒီမှာတူးနေတဲ့ တစ်ယောက်က သေတယ်။ တစ်ယောက်က ဆေးရုံရောက်တယ်။” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရှိခဲ့သူကတော့ အပြင်ထိခိုက်ဒဏ်ရာ မတွေ့ရပေမဲ့ အတွင်းကြေပုံစံဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန် ဖားကန့်ဒေသမှာ စားဝတ်နေးအတွက် အရာရာခက်ခဲနေတာကြောင့် ရေမဆေးကျောက် ရှာသူတွေအနေနဲ့ ကျောက်ကြော(ကျောက်စမ်းတူးဖော်နိုင်သည့် မြေကြော) လိုက်လံရှာဖွေ တူးဖော်နေရပြီး အခုလို အဖြစ်တွေနဲ့ ကြုံတွေ့ရတာလို့ နောက်ထပ်မှော်စီစာဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အခုအချိန်လူတွေက ခက်ခဲနေကြတာဆိုတော့ လောဘကလည်းကြီးတော့ အခုလိုဖြစ်ကြတာပေါ့။ အပေါ်ကိုလည်းမကြည့် ကျောက်ကြောတွေကို မက်ပြီး တူးနေကြတာ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မိုးတွင်းကာလလည်း ဖြစ်တာကြောင့် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်လုပ်ကွက်တွေမှာ မကြာခဏ မြေစာပုံပြိုပြီး ရေမဆေးကျောက်ရှာတဲ့သူတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသဟာ မြန်မာနိုင်ငံအတွင်း ကမ္ဘာကျော်ကျောက်စိမ်း ထွက်ရှိရာနေရာဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ဟင်းလင်းဖွင့်တူးလာပြီးနောက် ကျောက်စိမ်းကမ်းပါးပြိုကျတာ၊ မြေစာပုံပြိုတာ၊ နွံကန်ပေါက်ကျတာတွေ ဖြစ်ပွားနေပြီး နှစ်စဉ် လူဦးရေရာနဲ့ချီ သေဆုံးနေရတာပါ။

June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...