ရာသီအကူးအပြောင်းကာလ ရခိုင်တွင် တုပ်ကွေးအဖြစ်များနေ

ရာသီအကူးအပြောင်းကာလ ရခိုင်တွင် တုပ်ကွေးအဖြစ်များနေ
Photo credit - AA Info Desk
Photo credit - AA Info Desk

ရခိုင်ပြည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များတွင် ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးဖြစ်ပွားမှုနှင့် ကူးစက်မှုမြင့်တက်နေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလအစမှ စတင်ကာ ကလေးငယ်များနှင့် လူကြီးများအပါအဝင် တုပ်ကွေးဖြစ်ပွားနှုန်း မြင့်တက်လျှက် ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် လူ ၅ ဦးလျှင် ၃ ဦးနှုန်းမှာ ရာသီကုပ်ကွေးဖြစ်နေပြီး ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ခန္ဓာကိုယ် နာကျင် ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်း၊ ပျော့အန်ခြင်း စသည့် ဝေဒနာများကို ခံစားနေကြရကြောင်း ဒေသခံများက ပြောသည်။

“စစချင်းဖြစ်တဲ့နေ့ကဆိုရင် ကိုယ်အပူတွေ တရိပ်ရိပ်တက်လာတာ။ ချမ်းပြီးတော့ ခန္ဓာကိုယ်တွေ တုန်တယ်။ ခေါင်းကိုက်တယ်။ နှာစေးတယ်။ ပြီးရင် ချောင်းဆိုးတာ အဆုတ်တွေအောင့်သလို မျိုးခံစားရတယ်။ ကိုယ်ခံအား မရှိရင် ပိုခံရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီ ထိန်းချုပ်ရာ စစ်တွေမြို့တွင်လည်း တစ်အိမ် တစ်ယောက်နှုန်းဖြင့် အိမ်တိုင်းနီးပါး ရာသီတုပ်ကွေးဖြစ်ပွားနေပြီး ဆေးဝါးရှားပါးသဖြင့် တိုင်းရင်းဆေးများကို မှီဝဲနေကြရကြောင်း မြို့ခံများထံမှ သိရသည်။

ရာသီတုပ်ကွေးသည် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကာ လူထူတပ်သည့် နေရာများတွင် ချောင်းဆိုး၊ နှာချေခြင်းမှ တဆင့် အလွယ်တကူ ကူးစက်နိုင်သည့် ရောဂါဖြစ်ပြီး ခုခံအားနည်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ကူးစက်ခံရနိုင်ခြေများကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။

“ကလေးကအစ လူကြီးလူငယ်အကုန် တုပ်ကွေးဖြစ်တာတွေ အများကြီး တွေ့ရတယ်။ တုပ်ကွေးအတွက် ဆေးလာဝယ်ကြတဲ့ သူတွေလည်း အများကြီးပဲ။ အဓိကတော့ ရာသီအကူးအပြောင်းကြောင့် ပိုဖြစ်ကြတယ်လို့ ယူဆရတယ်။ ကူးစက်လွယ်တဲ့ ရောဂါဖြစ်တဲ့အတွက် သေချာကာကွယ် ကုသဖို့လိုတယ်” ဟု ကျောက်တော်မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရာသီတုပ်ကွေးသည် မိုးအကုန် ဆောင်းအကူး ရာသီအပြောင်းအလဲတွင် အဖြစ်များကာ သာမန် အအေးမိခြင်းထက် ပြင်းထန်သည့် ရောဂါဖြစ်သဖြင့် ကုသမှုနောက်ကျပါက အသက်သေဆုံးမှုအထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးအသိုင်းဝိုင်းက ပြောသည်။

“ဒီရာသီတုပ်ကွေးတွေက ရာသီအကူးအပြောင်းကြောင့် ပိုဖြစ်ကြတယ်။ ပုံမှန်ဖျားပြီးရင် ပျောက်သွားတယ် ဆိုပေမဲ့လည်း ပေါ့ဆလို့မရဘူး။ ကိုယ်ခံအားနည်းသူတွေဆိုရင် အဖျားကြီးတာတွေ အဖျားရက်ရှည်တာတွေ ဖြစ်တတ်တယ်။ မဖြစ်အောင် ကြိုတင်ကာကွယ်တာက ကုသတာထက်ပို ထိရောက်တယ်။ ဒါကြောင့် ဒီကာလမှာ ပိုပြီးဂရုစိုက်ကြဖို့ လိုတယ်” ဟု ULA ကျန်းမာရေးအသိုင်းအဝိုင်းက အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

ရာသီတုပ်ကွေးဖြစ်ရခြင်းမှာ အိပ်ရေးပျက်ခြင်း၊ အရက်အလွန်အကျွံ သောက်စားခြင်း၊ ပင်ပန်းညောင်းညာခြင်း၊ အချိန်လွန်မှ ရေချိုးခြင်းတို့ကြောင့်လည်း အဖြစ်များတတ်ကြောင်း ကျန်းမာအသိုင်းအဝိုင်းက ထောက်ပြသည်။

ထို့ကြောင့် ရာသီတုတ်ကွေးဖြစ်ပွားမှု ကာကွယ်ရန် တုပ်ကွေးလက္ခဏာရှိသည့် လူနာများနှင့် အနီးကပ် ထိထွေ့ခြင်းမပြုရန်၊ နှာချေချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံအောင်ဖုံးအုပ်ရန်၊ ချောင်းဆိုးပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောရန်နှင့် လုံလောက်အောင်အိပ်စက်အနားယူရန် ကျန်းမာရေး အသိုင်းအဝိုင်းက အကြံပြုထားသည်။

အခြားတစ်ဖက်တွင်လည်း ဆေးဝါးရှားပါးမှုဒဏ်ကို ခံနေရသည့် ရခိုင်ဒေသခံများမှာ နေမကောင်းဖြစ်လျင် ပိုပြီး အသက်အန္တရာယ်စိုးရိမ်စရာ ဖြစ်နေကြောင်း ပြောဆိုနေကြသည်။

ထို့အတူ လူဦးရေ ရာထောင်ချီ စုဝေးနေကြသည့် စစ်ဘေးရှောင်စခန်းတွင်လည်း ရာသီတုပ်ကွေးရောဂါကို ပိုပြီး ဂရုစိုက်ရန် လိုအပ်ကြောင်း ပြောဆိုနေကြသည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...