အချိန် ၈ လခန့်ကြာမြင့်လာပြီဖြစ်သော ရခိုင်ပြည်၊ ကျောက်ဖြူတိုက်ပွဲများတွင် စစ်ကောင်စီက အင်အား ထောင်နှင့်ချီ ဖြည့်တင်းကာ တပ်ရင်းဌာနချုပ်၊ စစ်မြေပြင်တို့တွင် ဖြန့်ကျက်ထားပြီး အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်နေကြောင်း DMG က စုံစမ်းသိရသည်။
တိုက်ပွဲဖြစ်ပွားမှု အများဆုံးနှင့် အပြင်းထန်ဆုံး နေရာဖြစ်သော အမှတ် (၃၂) ရဲ တပ်ရင်းတွင် အင်အား ၁,၀၀၀ ကျော်၊ ဓညဝတီရေတပ်ဌာနချုပ်တွင် ၁,၀၀၀ ကျော်နှင့် တရုတ်ပိုင် ဓာတ်ငွေ့သန့်စင် (OGT) စက်ရုံရှိရာ မလကျွန်းတို့တွင် အင်အားရာချီ ဖြန့်ကျက်ထားခြင်းဖြစ်သည်။
“မြို့အနီးက တပ်ရင်းတွေမှာ လူမရှိသလောက်အထိ ရှေ့တန်းစစ်မျက်နှာကို ပို့ထားတာ။ စစ်သင်္ဘောနဲ့ ပို့လာတဲ့ တပ်သားသစ်တွေရယ်၊ အခြေစိုက်တပ်ရင်းတွေက လူတွေကို ပေါင်းလိုက်မယ်ဆိုရင် ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က ၂,၀၀၀ ကျော်လောက် ရှိမယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။
ကျောက်ဖြူစစ်မျက်နှာအတွက် စစ်ကောင်စီသည် ရေကြောင်းကို အဓိက အသုံးပြု၍ စစ်သင်္ဘောများဖြင့် လက်နက်ခဲယမ်းများအပြင် စစ်သည်အင်အားများကို လိုသလောက် ဖြည့်တင်းနေခြင်းဖြစ်ကြောင်း မြေပြင်အခြေအနေသိသူများက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က ထိုးစစ်များကို ဆက်တိုက်ပြုလုပ်လာနေပြီး အကျအရှုံးများစွာ ရှိသော်လည်း အင်အားထပ်ဖြည့်နိုင်သည့် အခြေအနေမြင်ရကြောင်း ဒေသခံများက ပြောသည်။
ယင်းကြောင့် အာရက္ခတပ်တော်အနေဖြင့် ဓညဝတီရေတပ်ဌာနချုပ်နှင့် စစ်သင်္ဘောများကို ပိတ်ဆို့ ဖြတ်တောက်ရန် လိုအပ်နေကြောင်း ကျောက်ဖြူ စစ်ရေးစောင့်ကြည့်နေသူ ဒေသခံများက သုံးသပ်သည်။
“စစ်သားတွေက ရှေ့မှာ ၂၀၀ လောက် သေသွားရင် အနောက်ကနေ ၅၀၀ လောက် ထပ်ဝင်တယ်။ နေဗီနဲ့ လက်နက်ခဲယမ်းတွေဟာ လုံးဝအဆက်မပြတ် ဝင်နေတယ်။ အဲဒီလမ်းကြောင်းကို မဖြတ်တောက် နိုင်သမျှတော့ ကျောက်ဖြူကို သိမ်းနိုင်ဖို့ဆိုတာက ခက်ခဲနေအုံးမယ်။ မဖြစ်နိုင်သေးဘူးလို့ပဲ မြင်ရတယ်။ အချိန်ကြာနေအုံးမယ်” ဟု မြေပြင်စစ်ရေးအခြေအနေကို သိသူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း စစ်သည်ရာနှင့်ချီ အပါအဝင် တင့်ကား ၄ စီး ထက်မနည်းကို စစ်သင်္ဘောများဖြင့် တင်ဆောင်ခဲ့ပြီး ဓညဝတီရေတပ်ဌာနချုပ်နှင့် ခလရ (၃၄) တပ်ရင်းတို့တွင် ပို့ဆောင်ခဲ့သည်။
အခြားတစ်ဘက်တွင် အာရက္ခတပ်တော်သည် အမှတ် (၃၂) ရဲတပ်ရင်းကို သိမ်းပိုက်ရန် ပြီးခဲ့သည့် ဇွန်လ ပထမပတ်က စ၍ ထိုးစစ်ဆင်မှုများ ရှိခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းနှင့် စစ်သင်္ဘောများမှ အပြင်းအထန်တိုက်ခိုက်မှုအပြင် မြေပြင်အင်အားကို ထပ်မံ ဖြည့်ထင်းနိုင်ခဲ့သဖြင့် ပြန်လည်နောက်ဆုတ်ခဲ့ရသည်။
“စစ်ကောင်စီကတော့ စစ်သားတွေကို ထိုးကျွေး (အသေခံ) ပြီးတော့ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်ဖို့ကို ကြိုးစားလာတာ တွေ့ရတယ်။ AA ဘက်ကလည်း ထိုစစ်ဆင်လာတဲ့ စစ်ကြောင်းတွေ မှန်သမျှကို ခြေမှုန်း ထားနိုင်တာ တွေ့ရပေမယ့် လောလောဆယ်မှာ ထိုးစစ်တွေ လုပ်တာမျိုး သိပ်မတွေ့ရဘူး” ဟု မြေပြင်စစ်ရေး အခြေအနေသိသူ နောက်ထပ်ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အမှတ် (၃၂) ရဲတပ်ရင်းမှ ၁ မိုင်ခန့်အကွာ မင်းတပ်တောင်၊ နှမ်းဖဲတောင်၊ ကန္ဒီးရွာနှင့် ဓာတ်ငွေ့သန့်စင်သော (OGT) စက်ရုံမှ ၂ မိုင်ခန့်အကွာရှိ ကုလာဘာကျေးရွာအပါအဝင် ဓညဝတီ ရေတပ်ဌာနချုပ်မှ ၃ မိုင်ကျော်ခန့် အကွာရှိ ပျားတဲနှင့် သဖန်းခါးကျေးရွာများအထိ AA ထိန်းချုပ်ထားကြောင်း သိရသည်။
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ယင်းနေရာများကို စစ်သင်္ဘောမှ လက်နက်ကြီးအပြင် လေကြောင်း ပစ်ကူများရယူ၍ ထိုးစစ်များ ဆိုက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက် ကလည်း ပျားတဲ၊ သဖန်းခါး၊ မင်းတပ်တောင်နှင့် ကုလာဘာကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကျောက်ဖြူမြို့သည် တရုတ် စီမံကိန်းကြီးများစုဝေးတည်ရှိရာ နေရာဖြစ်သဖြင့် စစ်ကောင်စီကလည်း အသေအလဲ ခုခံနေခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်နေသူများက ပြောဆိုကြသည်။







