ဗန်းမောက်မြို့ပေါ်က စစ်ဘေးရှောင်တစ်ထောင်ကျော် မြို့အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်

ဗန်းမောက်မြို့ပေါ်က စစ်ဘေးရှောင်တစ်ထောင်ကျော် မြို့အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်
photo credit - CJ
photo credit - CJ

ဗန်းမောက်မြို့ပေါ်ကနေ ရှမ်းနီအမျိုးသားများတပ်မတော် SNA က တပ်ဆုတ်ခွာပြီးတဲ့နောက် စစ်ဘေးရှောင်တစ်ထောင်ကျော်ဟာ မြို့အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံ ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ 

“မြို့ပေါ်က လူထုတွေအားလုံးက SNA ထိန်းချုပ်တဲ့အနောက်ဘက်ကို ပါလာကြတယ်။ ဆရာတော်တွေအားလုံးကော ပြည်သူလူထုတွေကော။ အခုက ဘုန်းကြီးကျောင်း စာသင်ကျောင်းမှာ နေရာချထားတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူ ဒေသခံရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။ 

မြို့ပေါ်ဒေသခံ တစ်ထောင်ကျော်ဟာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီး မြို့ကနေ တိမ်းရှောင် ထွက်ခွာခဲ့ကြတာလို့ သိရပါတယ်။ 

ဗန်းမောက်မြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး စက်တက်ဘာလ ၂၀ ရက်နေ့မှာ မြို့ပေါ်ရပ်ကွက်တွေထဲ SNA က တပ်ဆုတ်ပြီးနောက် မြို့သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့ပေါ်မှာ SNA တပ်ရင်းတစ်ရင်းက ၂၀၂၃  ခုနှစ်နှောင်းပိုင်းမှာ ဝင်ရောက်နေရာယူခဲ့ပြီး ကျန်းမာရေးနဲ့ ပညာရေးကို အဓိကဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

မြို့သိမ်းတိုက်ပွဲမတိုင်ခင်အချိန်ထိ မြို့ပေါ်မှာ နေထိုင်နေသူ ထောင့်ငါးရာဝန်းကျင်သာရှိနေပြီး လက်ရှိ မြို့သိမ်းတိုက်ပွဲကြောင့် မြို့နယ်အနောက်ဘက်ခြမ်းကို အားလုံးနီးပါး တိမ်းရှောင်ကြတာလည်း ဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ရှမ်းနီတိုင်းရင်းသား ၇၀ ရာခိုင်နှုန်း နေထိုင်တဲ့ မြို့တစ်ခုလည်းဖြစ်ပြီး မြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို KIA+PDF တွေက ၂၀၂၃ ခုနှစ်မှာ ထိန်းချုပ် စိုးမိုးထားကြတာလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို ထိုးစစ်ဆင်သိမ်းပိုက်တဲ့ NUG ရဲ အမှတ် ၁ စစ်ဒေသကလည်း စက်တင်ဘာ ၂၂ ရက်နေ့မှာ မြို့ပေါ်ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြို့အတွင်းကလည်း တပ်ဆုတ်သွားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က (၇)ဦးကျဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်ဘက်က ၆ ဦးကျဆုံးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့အတွင်းကို စစ်ရှောင်တွေ ဝင်ထွက်ခွင့်မရသေးတဲ့ အခြေအနေမှာပဲ ဆက်ရှိနေသေးကြောင်း စစ်ဘေးရှောင်များက ရှမ်းနီအသံကို ဆက်သွယ်ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

March 2, 2026
စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုခေါ်ဆောင်ရာမှာ ငွေကြေးလာဘ်စားတာတွေ မရှိအောင်...
February 28, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသကို စစ်ကော်မရှင်ဥက္ကဋ္ဌ...
February 27, 2026
တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA )တပ်တို့အကြား တင်းမာမှုတွေဟာ...
February 26, 2026
အမေရိကန်ရဲ့ ပဲပုတ်ဖတ်တွေကို မြန်မာနိုင်ငံက ဝယ်ယူဖို့အတွက် အမေရိကန်တင်ပို့ရောင်းချသူ နဲ့...