ထိုင်းနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတဆင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာလုပ်သား များသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။
ယခုလ စက်တင်ဘာလ ၁ ရက်မှ ၁၆ ရက်နေ့အထိ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း လုပ်သား ၆၀၀ နီးပါး ရှိသည်ဟု နယ်စပ်သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ယမန်နေ့ နံနက်ပိုင်းတွင် ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်မြို့နယ်တွင် လူခိုးသွင်းသည့် ယာဉ်သုံးစီးကို စစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ကျား ၃၁ ဦး၊ မ ၂၁ ဦး၊ နှစ်နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် စုစုပေါင်း ၅၃ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
၎င်းအပြင် ထောင်ဖာဖွန်မြို့နယ်အတွင်း အူလောင်းဘုန်းကြီးကျောင်းအနီးရှိ စစ်ဆေးရေးဂိတ်တွင်လည်း သံသယဖြစ်ဖွယ် ဗင်ကား ၃ စီးကို ရပ်တန့်စစ်ဆေးရာမှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၇၂ ဦး အမျိုးသမီး ၄၁ ဦး အပါအဝင် စုစုပေါင်း (၁၃၃) ဦးအား ဖမ်းဆီးရမိခဲ့သည်။ အလားတူ ချွန်ဘူရီခရိုင်၊ ဘန်လာမွန်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတစ်စီး၏ အလုံ ပိတ်အခန်းတွင်း လိုက်ပါလာသည့် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၇ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက “အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီတရားမဝင် ဝင်ရောက်မှုတွေက ပိုပိုပြီး များလာတယ်။ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းစဥ် တွေ သတိပေးချက်တွေ အဆက်မပြတ်လုပ်ဆောင်ပေးတာ ရှိတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ သေချာလိုက် နာပေးမှု မရှိကြဘူး။ အဲ့လို လိုက်နာမှုတွေ အားနည်းတော့ ဒီဖက်ခြမ်းကို ဝင်လာတဲ့အခါ အဖမ်းခံရတာတွေက များလာတာကို မြင်ရတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများမှာ ထိုင်းသို့ တရားဝင် သွားရောက်လုပ်ကိုင်ခွင့် မရခင်စပ်ကြား လူကယ်ရီများအား ထိုင်းဘတ်ငွေ ၁၅,၀၀၀ မှ ၃၀,၀၀၀ ကြားပေး၍ ခိုးဝင်နေကြခြင်းဖြစ်သည်ဟု မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သို့ဖြစ်၍ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် ကြုံနေရသည့် မြန်မာလုပ် သားများမှာ ပွဲစားများထံ ကယ်ရီခ အဆမတန်ပေးကာ ထိုင်းသို့တရားဝင်နယ်စပ်ဖြတ် ကျော်ဝင်ရောက်မှုများရှိ နေဆဲဖြစ် သည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။
ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းမှ လုံခြုံရေး အထူးတင်းကြပ်ထားပြီး ထိုသို့ တရား မဝင် နယ်စပ်ဖြတ်ကျော်မှုများအား စောင့်ကြည့် ဖမ်းဆီးမှုများရှိသည်။ အဆိုပါ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် နေရပ်ပြန်လည်ပို့ ဆောင်ခံရသည့် စစ်တပ်က စစ်မှုထမ်း အတင်းအဓမ္မ ခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ ဦးကျော်နီက ယခုလို ဆက်ပြောသည်။
“ဒီလို အဖမ်းခံရတဲ့ လူတွေကို ပြန်လွှဲတဲ့အပိုင်းမှာက အဓိကအားဖြင့် ရနောင်းဘက်ကနေ ပြန်ပို့တာ များတာတွေ့ ရတယ်။ တကယ်တော့ ထိုင်းဘက် အလုပ်လာလုပ်ကြတဲ့ လူတွေထဲမှာ ဒီမိုကရေစီ ရရှိရေးကို ကြိုးပမ်းခဲ့သူတွေ အများကြီး ပါပါတယ်။ ထိုင်းဘက်က လူတွေကို ဖမ်းပြီးပြန်ဖို့တဲ့အခါမှာ စစ်တပ်က အတင်းအဓမ္မစစ်သားစု ဆောင်းရေးထဲရောက်သွားတော့ စစ်အုပ်စုရဲ့ ယန္တရားကို ကူညီပံ့ပိုးပေးသလို ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ထိုင်းအစိုးရကို မေတ္တာရပ်ခံ အကြောင်းစာတင်ပြဖို့ လုပ်ဆောင်ထားပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များဖြစ်သော မြဝတီ-မဲဆောက်လမ်းကြောင်း၊ ဘုရား သုံးဆူ-ကန်ချဘူရီလမ်းကြောင်း၊ မောတောင်နယ် စပ်လမ်းကြောင်းနှင့် တာချီလိတ်-မယ်ဆိုင် အစရှိသည့် နယ်စပ်ဝင်ပေါက် လမ်းကြောင်းများမှတဆင့် တရားမဝင်နယ်စပ်ဖြတ် ကျော်မှုများရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်း နေ့စဉ်လိုလို အဖမ်းအဆီး ခံနေရခြင်း ဖြစ်သည်။
ထို့အတူ ပြီးခဲ့သည့် သြဂုတ်လတွင်လည်း တရားမဝင်လမ်းကြောင်းများမှတဆင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသေးသည်ဟု ထိုင်းသတင်းများ၏ ဖော်ပြမှုအရ သိရသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ ထုတ်ပြန်ချက်အရ အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ မြန်မာလူငယ် ၁၀ ယောက်တွင် ၄ ယောက်ခန့်မှာ စီးပွားရေးပြိုလဲမှု၊ ပြည်တွင်းပဋိပက္ခများနှင့် စစ်မှု ထမ်းခေါ် ယူမှုတို့ကြောင့် နိုင်ငံပြင်ပသို့ ထွက်ခွာလိုသည်ဟု ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။







