ကျိုက်မရော DKBA ဂိတ်ကို စစ်တပ်က ဒရုန်းများဖြင့်တိုက်ခိုက် ခရီးသွား တစ်ဦးသေ၊ ကိုယ်ဝန်ဆောင်အပါ ၆ ဦး ဒဏ်ရာရ

ကျိုက်မရော DKBA ဂိတ်ကို စစ်တပ်က ဒရုန်းများဖြင့်တိုက်ခိုက် ခရီးသွား တစ်ဦးသေ၊ ကိုယ်ဝန်ဆောင်အပါ ၆ ဦး ဒဏ်ရာရ
Photo - CJ
Photo - CJ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း-ကော့ပနော့လမ်းဆုံရှိ DKBA ဂိတ်ကို စစ်အုပ်စုက စက်တင်ဘာ၂ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဂိတ်အနီး ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင် ယာဥ်ပေါ်ရှိ အမျိုးသား တစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး(၁)ဦးအပါအဝင် အရပ်သား(၆)ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိ သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

အဆိုပါ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA စစ်ဆေးရေးဂိတ်နေရာကို စစ်အုပ်စုက ယမန်နေ့ ညနေ ပိုင်းတွင် ဒရုန်း ၄ စင်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂိတ်အနီး ဖြတ်သန်းသွားလာသည့် ခရီးသည် ၁၁ ဦး လိုက်ပါလာသော ဘုရားသုံးဆူ ခရီးသည်တင်ယာဥ်တစ်စီးအား ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဗုံးစမှန်သွားသူ ခရီးသည် အမျိုးသားတစ်ဦးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်နေစဉ် သွေးထွက်လွန်ပြီး သေဆုံး သွားခဲ့သည်။ ထို့အပြင် ခရီးသည်တင်ယာဉ်ပေါ်ပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ယာဉ်မောင်းနှင့် ခရီးသည် စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိသွားသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူ တစ်ဦးက ပြောသည်။

“ဂိတ်ရောက်တော့ ကားတွေကဖြေးဖြေးလေး မောင်းရတယ်လေ။ အဲဒီအချိန်မှာ ဖြစ်တာ။ ကျိုက်မရော ကနေ မော်လမြိုင်ကို အရေးပေါ်လူနာ ၄ ယောက်ပို့တော့ ၁ ယောက်က ဆေးရုံရောက်ခါနီးမှာပဲ ဆုံးတယ်။ ကျန်တဲ့ ၃ ယောက် လည်း ဒဏ်ရာပြင်းတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကျန်တဲ့လူတွေကတော့ ကျိုက်မရော ဆေးရုံမှာ ထားတယ်” ဟု လူမှုကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူ တစ်ဦးက ပြောသည်။

ခရီးသည်ယာဥ်အပြင် ဗုံးကျသည့်နေရာ၌ အိမ်စီး မော်တော်ယာဥ်တစ်စီးလည်း ရှိနေပြီး ထိခိုက် ပျက်စီးခဲ့သေး သည်။ ဒရုန်းဗုံးကျချိန်တွင် ဂိတ်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်များ အချိန်မီရှောင်တိမ်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်း မရှိဟု မွန်ပြည်နယ်အခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်က ကျိုက်မရော၊ ချောင်းနှစ်ခွတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားချိန် စစ်ရေးတင်းမာမှုများနှင့် စစ်အုပ်စုက ပစ်ခတ်မှုများကြောင့် ခရီးသည်ယာဥ်များ ထိမှန်ပျက်စီးမှုရှိခဲ့၍ ကျိုက်မရော-မုဒုံလမ်းပိုင်း တလျှောက် မလိုအပ်ဘဲ အသွားအလာမလုပ်ရန်နှင့် ခရီးသွားနေစဉ် လုံခြုံရေး သတိအမြဲရှိရန် တော်လှန်ရေး တပ်ဖွဲ့ များက သတိပေးချက် ယခင်က ထုတ်ပြန်ခဲ့ဘူးသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စံပယ်ဂူတံတားထိပ်၌ တပ်စွဲထားသည့် စစ်အုပ်စု၏ အရှေ့တောင်တိုင်း စစ်ဌာန ချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၂၀၈) က အဆိုပါ DKBA ဂိတ်ကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ခရီးသွားယာဥ် (၃) စီး ထိမှန်ပျက်စီးခဲ့သည်ဟု တော်လှန်ရေး အဖွဲ့များက ထုတ်ပြန်ထားသည်။

March 6, 2026
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြန်မာနိုင်ငံအတွင်း လောင်စာဆီများ အလုအယက်တိုးဝှေ့...
March 5, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF...
March 4, 2026
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန်...
March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...