ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး

ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး
Photo - CJ
Photo - CJ

ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်‌နေတာလို့ ရွှေကူ့မြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“တိုက်ပွဲမဖြစ်ဘူး ရမ်းပစ်နေတာ ညဘက်ဆိုရမ်းပစ်တာတစ်ခါတစ်လေ နေ့ခင်းဘက်လည်းပစ်တယ်။ အဲ့ရေလဲ၊ဆင်တပ်ဘက်ကိုပစ်နေတာ မြစ်ကမ်းဘေးရွာတွေတော့ရှောင်နေရတာပေါ့” လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် (၅) ရက်အတွင်း အရပ်သားသေဆုံးသူ ၃ ဦးအထိ ရှိလာသလို ဒေသခံပြည်သူ‌တွေလည်း အများပိုင်းကြိုတင်တိမ်းရှောင်တာတွေရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ ၃ ဦးဟာ ရေလဲရွာက ၂ ဦး၊ ဆင်တပ်က တစ်ဦးဖြစ်တယ်လို့ သိရပြီး အသက် ၃၀နဲ့ ၅၀ ကြားရှိ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

ရေလဲနဲ့ ဆင်တပ်ရွာတွေဟာ ရွှေကူမြို့တစ်ဖက်ဧရာဝတီမြစ်ကမ်း ဘေးမှာရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေအပြင် နေအိမ် ထိခိုက်ပျက်စီးတာ၊ အရပ်သား ထိခိုက်ဒဏ်ရာရတာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

“ဒီဆင်တပ်ရွာ၊ ရေလဲရွာ၊ အင်းရွာတွေနဲ့ မြစ်ကမ်းဘေးတစ်လျှောက် လက်နက်ကြီးကျနိုင်တဲ့ရွာက လူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်။ မရှောင်လည်း ညညအိပ်မရဘူးလေ” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့အတွင်း အထိုင်စစ်တပ်ဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ လူနေအိမ်မီးရှို့တာတွေ အများအပြားလုပ်ဆောင်ခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ် ဇွန်လအထိ စစ်ရေးလှုပ်ရှားတာတွေငြိမ်သွားပေမယ့် လက်ရှိမှာတော့ တစ်ကျော့ပြန် စစ်ရေးလှုပ်ရှားတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ထပ်မံလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ယခုနှစ်ဇွန်လတုန်းက မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေဗန်းမောက်မြို့ကိုဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောအစီး ၂၀ ကျော်ကနေ ရွှေကူမြို့ အထိုင်တပ်ထဲက လက်နက်ခဲယမ်းနဲ့ လူအင်အား ဖြည့်တင်ပြီးနောက်မှာပဲ ရွှေကူမြို့ပြင်အထိ စစ်ရေးလှုပ်ရှားတာ၊ အခုလို လက်နက်ကြီး ပစ်ခတ်တာတွေ စတင်လုပ်ဆောင်လာတာလို့ သိရပါတယ်။

ရွှေကူမြို့နယ်ဟာ လက်ရှိမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း မြို့အရှေ့ဘက်ခြမ်းရှိ ရွာပေါင်း ၂၀ ထက်မနည်း ရွာလုံးကျွတ်မီးရှို့ခံရလို့ ပြည်သူသောင်းချီ နေရပ်စွန့်ခွာခဲ့ကြရပေမယ့် ၂၀၂၃ ခုနှစ် နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...