သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။
ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA နှင့် PDF ထောက်ခံသူများဟု စွပ်စွဲကာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
“တောင်းခမ်းဘက် ရွာထဲ ပြန်နေကြတဲ့လူတွေကို စစ်တပ်က ဖမ်းခေါ်သွားတာတွေ ရှိတယ်။ အရင်က ပလောင်တပ်တွေ၊ ဓနုတပ်တွေကို ထောက်ပို့ လုပ်တယ်ဆိုပြီး လာဆွဲသွားတာ။ ရွာဘက်ဆိုတော့ ဓနုအမျိုးတွေ ပါသွားတာများတယ်၊ အခုက သတင်းလည်း မထွက်ရဲဘူး။ မြို့ထဲသွားရင်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင်တောင် တခြားမြို့ကဆို ပေးမဝင်ဘူး၊ နောင်ချိုမှတ်ပုံတင်မှ ရတာ”ဟု နေရပ်ပြန် နောင်ချိုစစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် နောင်ချိုစစ်ဘေးရှောင်အချို့၏ အမည်နှင့် နေရပ်များကို ဖော်ပြ၍ TNLA နှင့် DPLA တို့ကို ထောက်ခံအားပေးသူများအဖြစ် စွပ်စွဲကာ စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးပေးရန် လှုံ့ဆော်ခြင်းများလည်းရှိနေပြီး ထိုသို့ ဖော်ပြခံရပြီးနောက် အမှန်တကယ် ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် နေရပ်ပြန် စစ်ဘေးရှောင်များ ဖမ်းဆီး စစ်ဆေးခံရသည့် ကျေးရွာများမှာ နောင်ချိုမြို့တောင်ဘက်ရှိ ဓနုလူမျိုး အများဆုံးနေထိုင်သည့် နောင်ချိုလေး၊ မဲပုတ်၊ နောင်လင်၊ နောင်ဩ၊ ဉာဏ်တော၊ ရွှေသွန်းနှင့် ရွှေပြည်ညွန့်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နောင်ချိုမြို့ပေါ် ရပ်ကွက်များတွင်လည်း TNLA ထိန်းချုပ်ထားစဉ်က TNLA နှင့် DPLA တို့ကို ထောက်ခံ အားပေးသူများအဖြစ် စွပ်စွဲခံရသူများ၏ နေအိမ် (၂၀) ခန့်ကိုလည်း စစ်ကောင်စီတပ်က ချိတ်ပိတ် သိမ်းဆည်းလိုက်ကြောင်း ဒေသခံများက ပြောသည်။
“ပလောင်တွေ မြို့ပေါ်မှာ ရှိတုန်းက လူကြီးလုပ်တဲ့ မြို့မိမြို့ဖတချို့နဲ့ DPLA ကို ထောက်ခံတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်တွေ (၁၇) အိမ်ကို ချိတ်ပိတ်လိုက်တယ်။ မြို့ထဲပြန်လာတဲ့ ဒေသခံကိုလည်း ၃ လအတွင်း အပြင်ပြန်မထွက်ဖို့ လိုက်ပြောထားတယ်၊ တချို့လည်း ကလေးကျောင်းထားဖို့ အဝေးကနေ ပြန်လာကြတာ ရှိတယ်”ဟု ၎င်းနေရပ်ပြန် စစ်ရှောင်အမျိုးသားက ဆက်ပြောသည်။
လက်ရှိတွင် နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားလည်း မိုင်းခွဲဖျက်စီးခံထားရခြင်းကြောင့် ဖြတ်သန်းသွားလာ၍ မရဘဲ ကျောက်မဲမြို့နယ် နောင်ပိန်ဘက် ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ဘေးရှောင်များမှာ နောင်ချိုသို့နေရပ်ပြန်ရန် တစ်ဦးလျှင် ကားခ ကျပ်ငွေ ၅ သောင်းမှ တစ်သိန်းကြား ပေးရပြီး အထက်ရဲရွာဘက်မှတဆင့် သာစည်လမ်းသို့ ကွေ့ပတ်သွားလာရကြောင်း သိရသည်။
နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် နောင်ချို-ပြင်ဦးလွင်-မန္တလေးလမ်းနှင့် နောင်ချို-ကျောက်ဂူ-အင်တော-ရပ်စောက်လမ်းတို့ကို ဖြတ်သန်းသွားလာနိုင်သော်လည်း စစ်ကောင်စီဘက်မှ စစ်ဆေးမှု တင်းကြပ်နေကြောင်း ခရီးသွားများက ပြောသည်။
အခြားတစ်ဘက်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲမှတဆင့် မိုးကုတ်မြို့ကို ဦးတည်၍ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးအတိုင်း မြေပြင်ထိုးစစ် ဆက်လက်ချီတက်နေကြောင်း ဒေသခံများက ပြောဆိုနေသည်။







