အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။
လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို Joint Ownership နှစ်ဦးနှစ်ဘက် ပိုင်ဆိုင်မှုအရ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်နှင့် ပူးတွဲကျင်းပရေးအတွက် 7 EAO Alliance မဟာမိတ်အဖွဲ့ (၇) ဖွဲ့တို့ သြဂုတ် ၆ ရက်တွင် အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ရှေ့လာမယ့် ဒီအောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးတဲ့ ၁၀ နှစ်ပြည့် အခမ်းအနား ကိစ္စ ဘယ်လို ပူးပေါင်းပါဝင်မလဲ၊ ဘယ်လို လုပ်ကိုင်ကြမလဲ ဆိုတဲ့ အဓိကကတော့ Joint Ownership လို့ ခေါ်တာပေါ့၊ NCA က နှစ်ဦးနှစ်ဖက် ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်တော့ ဒီနှစ်ပတ်လည် ပွဲကလည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းလုပ်ရမယ်လို့ ဆိုတဲ့ အဆိုပေါ့လေ။ အဲဒါကို အဓိက ကိုင်တွယ်တာ တွေ့ရတယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။
သြဂုတ် ၆ ရက်တွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည့် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ အစည်းအဝေးသို့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ ခေါင်းဆောင်ဖြစ်သူ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့ဝင် (၇) ဖွဲ့စလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး စစ်ရေး အခြေအနေများ၊ နိုင်ငံတကာ အခင်းအကျင်းနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အလားအလာများကို သုံးသပ်ခဲ့ကြပြီး မျက်မှောက် ကြုံတွေ့နေရသည့် ပကတိ အခင်းအကျင်းများနှင့် လိုက်လျောညီထွေဖြစ်ရန် လမ်းညွှန်သဘောထား (၅) ရပ်ကို ချမှတ်ပေးနိုင်ခဲ့ကြောင်း 7 EAO Alliance မှ သြဂုတ်၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
“လာမယ့် ရွေးကောက်ပွဲကတော့ လက်ရှိ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ တိုက်ရိုက် သိပ်မပတ်သက်ဘူး ဆိုတဲ့အခါကျတော့ ကြားနေပေါ်လစီကို ကျင့်သုံးဖို့ပေါ့လေ။ ထောက်ခံခြင်းလည်း မလုပ်နဲ့၊ ကန့်ကွက်ခြင်း ဖျက်ဆီးခြင်းလည်း မလုပ်နဲ့ ဆိုတဲ့ ကြားနေပေါ်လစီကို သဘောထားချတာ တွေ့ရပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
ထို့အပြင် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ အစည်းအဝေးကို သုံးလတစ်ကြိမ် ကျင်းပလေ့ရှိသော်လည်း လာမည့် အောက်တိုဘာလ ၁၅ ရက် မတိုင်ခင်အချိန်တွင်း ထပ်မံပြုလုပ်ရန် လျာထားကြောင်း သိရသည်။
ယမန်နှစ် ၂၀၂၄ အောက်တိုဘာလအတွင်း ကျရောက်ခဲ့သည့် NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ အကျဉ်းရုံးသာ ပြုလုပ်ခဲ့သည်။
သို့သော် လာမည့် NCA (၁၀) နှစ်ပြည့် အခမ်းအနားကို အကြီးအကျယ် ကျင်းပပြုလုပ်ပြီး ငြိမ်းချမ်းရေးဖိုရမ် တစ်ခုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဇွန်လအတွင်း Peace Forum တွင် ပြောကြားခဲ့သည်။
NCA လက်မှတ်ထိုး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှ စုဖွဲ့မှုပုံစံအသစ်ဖြင့် ယမန်နှစ် ၂၀၂၄ မတ်လတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် 7 EAO Alliance မဟာမိတ်အဖွဲ့တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်ထားသည်။







