ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး မန္တလေးဂေါဝန်ဆိပ်ကမ်းကနေထွက်လာတဲ့ စစ်သင်္ဘောစုစုပေါင်း ၂၀ ကျော်ထဲက စစ်သင်္ဘော ၁၂ စီးဟာရွှေကူမြို့မှာ ဒီနေ့အထိဆိုက်ကပ်ထားဆဲဖြစ်ပြီး တစ်ချို့စစ်သင်္ဘောဟာ ကသာမြို့နယ်မှာပဲ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာ ဇူလိုင်လ ၂၆ ရက်နေ့ ကသာမြို့နယ် မိုးတားလေးရွာနဲ့ရွှေကူမြို့နယ်ကြားမှာ တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောငယ်တစ်စီး ပျက်ဆီးခဲ့ရပြီး သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်သင်္ဘောတွေ ရွှေကူမြို့နယ်ကိုရောက်ပြီး နောက်နေ့မှာတော့ မြေပြင်ခြေလျင်စစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားလာသလို စစ်သင်္ဘောတစ်ချို့ ထွက်ခွာဖို့လုပ်ရင်း ငဘတ်ဝကျေးရွာတစ်ဝိုက် နှစ်ဖက်ထိတွေ့မှုတွေ ဖြစ်ခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က အတည်ပြုပါတယ်။
“ထိတွေ့တိုက်ပွဲငဘတ်ဝမှာဖြစ်တော့ သူတို့ပစ်ကူပေးရင်းနဲ့စစ်သင်္ဘောတစ်စီးက ထွက်ခွာသယောင်လုပ်ပြီး ငဘတ်ဝထိတွေ့တိုက်ပွဲမှာလာကူတယ်။ ပြီးတော့ရွှေကူမြို့နယ်မှာပဲပြန်ကပ်ထားတာ။ အခုထိတော့ စစ်သင်္ဘောတွေက လှုပ်ရှားမှုမရှိသေးဘူး” လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသား တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်သင်္ဘောများဆန်တက်လာချိန်တိုင်း မြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်လေ့ရှိတာကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်တာတွေလုပ်ခဲ့ပေမဲ့ ကသာ၊ ရွှေကူမြို့တွေမှာ ဒေသခံတစ်ချို့သေဆုံးခဲ့ရပါတယ်။
ကသာမြို့နယ်ကနေစတင်ထွက်ခွာလာတဲ့ ဇူလိုင် ၂၆ ရက်နေ့မနက်ပိုင်းမှာ ကသာ၊ရွှေကူ မြစ်ကမ်းဘေး
တစ်လျှောက်ကျေးရွာတွေကို စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရန်သူ့ရဲ့လေယာဥ်ဗုံးကြတဲ့အချိန်မှာထိတာ။ ပြည်သူတစ်ယောက်သေတယ်။ ဒဏ်ရာရာတာကသုံးယောက်။ နောက်ထပ်ဒဏ်ရာအသေးစားရတာတွေလည်းရှိသေးတယ်။ တော်လှန်ရေးရဲဘော်တွေတော့ဘေးကင်းတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းကစေတီတွေ၊ဘုရားဆင်းတုတွေခေါင်းတွေပြတ်ပြီးပျက်ဆီးသွားတာတွေရှိတယ်”လို့ မိုးတားလေးတိုက်နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တဲ့အရပ်သား ၂ ဦးအထိရှိခဲ့ပြီး မိုးတားလေးတိုက်နယ် မြေနုကျေးရွာကအမျိုးသားတစ်ယောက်နဲ့ ရွှေကူမြို့နယ်ဘိုကုန်းကျေးရွာက အမျိုးသားတစ်ယောက် ထပ်ပြီးသေဆုံးခဲ့ရတာလို့ သိရပါတယ်။
ဒါ့အပြင် မိုးတားလေးမြို့နယ်ထဲက ဘုန်းကြီးကျောင်းစေတီနဲ့ ဘုရားဆင်းတုတွေပျက်ဆီးခဲ့ရသလို ကသာမြို့နဲ့ ရွှေကူမြို့မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ကျေးရွာအများစုကလေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ စစ်သင်္ဘောစတင်ထွက်ခွာတဲ့နေ့မှာပဲ ဝက်လက်မြို့နယ် မြစ်ကမ်းနဘေးကကျေးရွာသုံးခုကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊ လေကြောင်းတင်မက ရေကြောင်းကနေပါ စစ်ရေးအတွက် အသုံးပြုလာတာဖြစ်ပြီး နှစ်စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လေ့ရှိတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ ကသာ၊ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ခဲ့ပါတယ်။
ကချင်ပြည်နယ်အတွက် အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့ စစ်လက်နက်နဲ့ ရိက္ခာတွေကို ရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။







