ဖားအံမြို့တွင် သံလွင်မြစ်ရေကြီးမှုကြောင့် မြို့ပေါ်ရက်ကွက် ၉ ခုနှင့်၊ ကျေးရွာ ၂၀ ခန့်တွင် ရေဘေးရှောင်နေရသူ စုစုပေါင်း ၃၀,၀၀၀ ဦးကျော် ရှိလာသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။
အဆိုပါ ရေဘေးသင့် ပြည်သူများကို ပရဟိတအဖွဲ့များ၊ လူမှုကူညီ ရေးအသင်းများ၊ ပြည်နယ် စစ်ကောင်စီ ဌာနဆိုင်ရာများက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပြီး ဖားအံမြို့တွင် ရေဘေးရှောင် ယာယီစခန်း ၁၅ ခု နှင့် ကျေးရွာ အုပ်စုများဘက်တွင် ၇ ခု ပေါင်း ၂၂ ခု ဖွင့်လှစ်ကာ ကူညီရွှေ့ပြောင်း နေရာချပေးထားသည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
“အခုဒီနေ့တော့ မိုးနဲနဲပါးတယ်၊ မြို့အဝင် ထောင်ဝိတို့ ကမ်းနားလမ်း ရွှေကြက်ဖ၊ တိုင်းရင်းဆေးရုံ နေရာတွေ ရေမြှုပ်နေတယ်။ ပြောမယ်ဆို ရပ်ကွက် ၉ ခု စလုံးရေတက်နေတယ်။ ရေမရောက်တာဆိုလို့ ပြည်ထောင်စုကုန်း၊ ရုံးကုန်း ဒီနှစ်ခုဘဲ။ ရေဘေးစခန်း ၂၀ ကျော် ဖွင့်ထားတယ်၊ ရွာတွေဘက် အထိပေါ့။ ဖားအံ လူစာရင်းက တစ်သောင်းလောက် ရှိတယ်။ မြို့ပြင် ထုံးအိုင်တို့ ဇာသပြင်၊ ကော့ကျိုက်တို့၊ နောင်လုံတို့ မိဇံ၊ သိုက်တောတို့ ဘက်အထိဆို အားလုံး သုံးသောင်းကျော် ရှိမယ်” ဟု ဖားအံရေးဘး ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။
ယမန်နေ့ ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းတွင် ဖားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တင်မီတာ ကိုကျော်လွန်ပြီး ၉၁၁ စင်တီမီတာအထိ မြင့်တက်နေပြီး နောက် ၂ ရက်အထိ ခန့်မှန်းချက်အရ ၉၂၆ စင်တီမီတာ အထိ တိုး နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
“မနှစ်ကလောက်တော့ ရေမတက်လာသေးဘူး။ ရွှေယာဉ်မျှော် ဘုရားတို့၊ အားကစားရုံတို့၊ ထ ၂ ကျောင်းတို့ရွေ့ နေကြတာပေါ့၊ ပရဟိတက လာလှူကြတာလည်းရှိသလို ကိုယ့်ရှိတာလည်း ချက်ပြုတ်စားရတာပေါ့၊ တစ်ပတ် လောက်တော့ နေရမယ်ထင်ပါတယ်” ဟု ဖားအံဆယ်အိမ်စုအပိုင်းတွင် နေထိုင်သူ ရေဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။
လက်ရှိကရင်ပြည်နယ်အတွင်း သံလွင်မြစ်၊ ဂျိုင်းမြစ် ၊ဟောင်သရောမြစ်၊ သောင်ရင်းမြစ်၊ အထ္ထရံမြစ်၊ လှိုင်းဘွဲ ချောင်းရေတိုးလာမှုနှင့် တောင်ကျရေ စီးဆင်းလာမှုကြောင့် ဖားအံမြို့နယ် အတွင်းရေကြီး၊ ရေလွှမ်း နေသလို လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကမမောင်း၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လည်းရေကြီး ရေလွှမ်းမှု ဖြစ်ပွားနေပြီး ရေဘေးရှောင်နေရသူများလည်း ရှိကြောင်း သိရသည်။







