မကြားအိမ်နူးကျေးရွာမှာ CDF-Kanpetlet အဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူတွေစိုးရိမ်

မကြားအိမ်နူးကျေးရွာမှာ CDF-Kanpetlet အဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူတွေစိုးရိမ်

ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာအနီး တပ်စွဲခဲ့ကြတဲ့ CNA တပ်ဖွဲ့ဝင်တွေ တပ်ရုပ်သိမ်း စခန်းစွန့်သွားတာကို အကြောင်းပြုပြီး ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet က မိမိတို့နဲ့ ကြိုတင် ညှိနှိုင်းတာတွေမလုပ်ဘဲ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေမှာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှာကို ပြည်သူတွေစိုးရိမ်နေကြတယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က မနေ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) မကြားအိမ်နူးကျေးရွာအပါအဝင် ဒေသတစ်ခုလုံးရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကို CDF – Daai က တာဝန်ယူဆောင်ရွက်နေတာကြောင့် ညီအစ်ကိုတော်လှန်ရေး၊ အင်အားစုတွေအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေး နယ်မြေအတွင်းရောက်ရှိနေတဲ့ စစ်ကြောင်းတွေအား အမြန်ဆုံး ပြန်လည်ဆုတ်ခွာပေးဖို့ကိုလည်း အသိပေးတဲ့အကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) က ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာက ချင်းအမျိုးသားတပ်မတော် (CNF/CNA ) တပ်ဆုတ်ခဲ့တဲ့ နေရာမှာ CDF-Daai /DRC က ဝင်ရောက်နေရာယူရန် ဖိအားပေး ဆွေးနွေးညှိနှိုင်းလာတဲ့အပေါ် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ တပ်စွဲခွင့် မပြုနိုင်ဘူးလို့ မကြားအိမ်နူးကျေးရွာပြည်သူလူထု သဘောထားထုတ်ပြန်ချက် တစောင် ဇူလိုင်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ online မှာ ပျံနှံ့လာတာကို တွေ့ရပါတယ်။

ဒိုင်ရ်လူမျိုးဒေသခံတစ်ဦးက “မကြားအိမ်နူးရွာက ဒေသခံအကုန်လုံးက CNA ထာက်ခံတဲ့သူတွေပါ CNA ထဲမှာလဲ အဲရွာက လူငယ်တွေ အကုန်နီးပါးဝင်ကြတယ်။ လက်ရှိ CDF – Daai က စခန်းချဖို့ရှိတယ်။ ရွာသားတွေနဲ့ CDF – Daai အကြား အဆင်ပြေကြပါတယ်။ ဒီဒေသက အစကတည်းကနေ DRC ရဲ့ အုပ်ချုပ်ရေး အောက်က ရွာပါ ရွာသားတွေ တားမြစ်တာနဲ့ ပက်သက်တဲ့ ထုတ်ပြန်တာလည်း ၁၃ ရက်နေ့က ထုတ်တာလည်း ရှိပါတယ်။ ဒါပေမယ့် ၁၄ ရက်နေ့ကတည်းက အဆင်ပြေကြပြီးသားပါ ရွာသားတွေနဲ့ CDF – Daai အကြားမှာ” လို့ ပြောပါတယ်။

မကြားအိမ်နူး ကျေးရွာပြည်သူလူထု အနေဖြင့်လည်း ကျေးရွာနယ်နိမိတ်အတွင်း ရပ်ရွာပြည်သူလူထုရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ဝင်ရောက် တပ်စွဲလာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြဿနာတွေအားလုံးကို တာဝန်ယူရမှာဖြစ်ပြီး CDF – Daai အနေဖြင့်လည်း တစ်စုံတစ်ရာ ကျူးလွန်ချိုးဖောက်လာရင် မကြားအိမ်နူးသည် DRC ( ဒိုင်ရ် ဒေသန္တရ ကောင်စီ) နှင့် လည်း လုံးဝပတ်သက် ဆက်နွယ်တော့မှာ မဟုတ်ဘူးလို့ Online မှာ ပျံနှံ့နေတဲ့ မကြားအိမ်နူး ကျေးရွာပြည်သူလူထု သဘောထားထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကန်ပက်လက်မြို့နယ်ထဲက မကြားအိမ်နူးကျေးရွာမှာ အိမ်ခြေ ၇၅ အိမ်ခြေဝန်းကျင်ရှိပြီး ဒိုင်ရ်ဒေသန္တရကောင်စီ ( DRC) ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...