ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားခဲ့ရာ အချို့မှာ တီးတိန်မြို့အခြေစိုက် ခလရ - ၂၆၉ တပ်ရင်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
PDF – Zoland သည် တီးတိန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်အုပ်စုတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် ၈၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ထိန်းသိမ်းခံထားရသည့် စစ်သုံ့ပန်းများအနက် ၂ ဦးက ရေချိုးရန် ပြောဆိုသဖြင့် အစောင့်များက လွှတ်ပေးစဉ် အစောင့်များကို ရိုက်နှက်ကာ လက်နက်၊ ကျည်များ လုယူ၍ ကျန်သူများကိုပါ လွှတ်ပေးကာ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
အဆိုပါ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများအနက် အချို့သည် စက်တင်ဘာ ၁၅ ရက်နေ့တွင် တီးတိန်မြို့ အခြေစိုက် ခလရ - ၂၆၉ တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
“မနေ့မနက်က တပ်ကုန်းဘက်ကို မောင်းသွားတဲ့ကားပေါ်မှာ စစ်ဝတ်စုံဝတ်တဲ့သူတွေရော အရပ်ဝတ်နဲ့ ကတုံးဆံပင်ပုံစံ စစ်သုံ့ပန်းတွေတချို့ အော်ဟစ်ပျော်နေကြတယ် တပ်ထဲကနေ သွားကြိုတဲ့ ပုံစံမျိုးလို့ပြော ကြတယ်။ ဒေသခံတစ်ချို့ကလည်း မြင်တယ်လို့ ပြောကြတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အစောင့်များကို ရိုက်နှက်၍ လက်နက်လုယူကာ ထွက်ပြေးသွားသည့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြေပြင် တော်လှန်ရေး အဖွဲ့အစည်းများဘက်ကလည်း သတင်းအချက်အလက်များကို အတည်ပြုပေးထားသည်။
PDF – Zoland နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း “တီးတိန်ဘက် တိုက်ပွဲတွေမှာ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ ဟုတ်တယ်။ အစောင့်တွေကို ရိုက်ပြီး သူတို့ထွက်ပြေးသွားကြတာလို့ ပြောတယ်။ အရိုက်ခံရတဲ့ အစောင့်တွေတော့ သေဆုံးတာမျိုးမရှိဘူး အခုထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေကို လက်လံရှာဖွေနေဆဲ ဖြစ်မယ်ထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည့် စစ်သုံ့ပန်းများကို လိုက်လံရှာဖွေနေကြောင်း စစ်ရေး သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရှိရသည်။







