သံတွဲတွင် စစ်ဘေးရှောင်နှင့် ဒေသခံများအား ရွေ့လျားဆေးခန်းများဖြင့်အခမဲ့ ကုသပေးနေ

သံတွဲတွင် စစ်ဘေးရှောင်နှင့် ဒေသခံများအား ရွေ့လျားဆေးခန်းများဖြင့်အခမဲ့ ကုသပေးနေ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နှင့် ဒေသခံများအား “ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့” က အာရက္ခတပ်တော်(AA)မှ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ရွေ့လျားဆေးခန်းများဖြင့် အခမဲ့ ဆေးကုသပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်အထိ ရွေ့လျားဆေးခန်းများဖြင့် နယ်လှည့်ကာ လူမျိုး၊ ဘာသာမရွေး အခမဲ့ဆေးကုသပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း သံတွဲမြို့နယ်ရှိ သွားလာရေးအခက်အခဲရှိသည့်နေရာများ၌ နေထိုင်ကြသော စစ်ဘေးရှောင်နှင့် ဒေသခံ ၂၆ဝ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း “ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့” မှ ဦးနီထွန်းအောင်က နိရဉ္စရာကို ပြောသည်။

"အဓိက ကုသပေးခဲ့တာကတော့ အရေးပြားယားနာတွေနဲ့ ဆီးချို၊ သွေးတိုး၊ အထွေထွေရောဂါတွေကို ကုသပေးခဲ့ပါတယ်။ ဒီဘက်မှာ ယားနာနဲ့ ဝမ်းရောဂါပုံစံမျိုးအဖြစ်များပါတယ်။ ပြည်သူတွေက စားဝတ်နေရေး အခက်အခဲရှိကြတော့ ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ဆိုရင် အဆင်မပြေကြဘူး" ဟု ပြောသည်။

တစ်ရက်လျှင် ဆေးဖိုးနှင့် ဆေးကုသစရိတ် ကျပ်သိန်းသုံးဆယ် ကုန်ကျနေသည်ဟုလည်း ဆိုသည်။

ယခုကဲ့သို့ နယ်လှည့်ပြီး အခမဲ့ဆေးကုသနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များနှင့် အဝေးရောက် အာရက္ခလူမှုရေးအသင်းများမှ လှူဒါန်းငွေများဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

"အခုဆို ကျွန်တော်တို့ တစ်လမှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် နယ်လှည့်ပြီးကုသပေးသွားမယ်။ အလှူရှင်တွေ အပေါ်မှာလည်း မူတည်တာပေါ့"ဟု ဦးနီထွန်းအောင်က ဆက်ပြောသည်။

သံတွဲမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် သိမ်းပိုက်ထားသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်ကြောင့် စစ်ဘေးရှောင်များကို နေရပ်သို့ ဝင်ရောက်နေထိုင်ခွင့် မပြုသေးဟု သိရသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ်မှစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတို့ကိုပိတ်ဆို့ထားမှုကြောင့် ဆေးဝါးများလည်း ရှားပါးပြီး ဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိနေသည်။

ယင်းကြောင့် ဒေသခံများတွင် မကျန်းမမာဖြစ်လာပါက ကုသရန် ဆေးဝါးအခက်အခဲဖြင့် ရင်ဆိုင်လျက်ရှိကြသည် ဟုလည်း သိရသည်။

ယတြာချေသည့်အမှုကို ပြုလုပ်နေစဉ်။ (ပုံဟောင်းသာ)
March 26, 2026
အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ ခုစလုံးတွင် စစ်ကော်မရှင်တပ်သည်...
March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...
March 24, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင်...
March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...