ဖားကန့်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် မော်မောကုန်းကျေးရွာက စာသင်းကျောင်းထိခိုက်ပျက်စီးသွားသလို တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်အချိန် မော်မောကုန်း စာသင်ကျောင်းနေရမှာ ဂျက်လေယာဉ် တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ပစ်ခတ်သွားပြီး တပြိုင်နက် စစ်ကောင်စီတပ်တွေရှိတဲ့ မော်မောလယန် ဘုန်းကြီးကျောင်းနဲ့ မှော်ဝမ်းကလေး စာသင်ကျောင်း နှစ်နေရာကို သွားရောက်တိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။
“စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ကတော့ မော်မောဘွမ့်၊ လမောင်ကုန်း တောင်ကုန်းနေရာတွေကို ရဖို့လုပ်နေတယ်။ မနေ့ညနေလည်း လေယာဉ်နဲ့ လာကြဲနေတဲ့အချိန်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ မော်မောလယန်က ဘုန်းကြီးကျောင်းထဲမှာ နေရာယူထားတဲ့အဖွဲ့၊ ပြီးတော့ မှော်ဝမ်းလေးစာသင်ကျောင်း ရှိတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက် တိုက်ခိုက်တာတွေလုပ်ခဲ့တော့ ပစ်ခတ်မှုတွေရှိခဲ့တယ်။ တိုက်ပွဲက အပြန်အလှန် နာရီဝက်လောက်ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
မော်မောလယန်နဲ့ မှော်ဝမ်းကလေး နှစ်နေရာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ မော်မောဘွမ့်နဲ့ မမောင်ကုန်းနေရာကိုရယူဖို့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာအနီးတဝိုက်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သုံးရက်တာအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများခဲ့တယ်လို့လည်း ဆက်သိရပါတယ်။
ဇူလိုင်လ ၁၃ ရက် မနေ့က စစ်ကောင်စီတပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောက် တိုက်ပွဲဧရိယာနယ်မြေတွေဖြစ်တဲ့ မော်မောလယန် နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) စတဲ့ နေရာတွေမှာ မနေ့ည ၉ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေသံတွေ ကြားနေရဆဲဲဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ဖားကန့် ဗျူဟာကုန်းကနေ လမ်းကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အတွက် မှော်ဝမ်းကနေ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ အင်မားယန် ကျေးရွာတဝိုက်နဲ့ ရှရော်ခ ညောင်ပင်ကုန်း၊ မော်မောလယန်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ မော်မောကုန်းကျေးရွားက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတယ်လို့ယူဆပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။
မော်မောကုန်းကျေးရွာနေပြည်သူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်ထားတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မနေ့ည ၉ နာရီဝန်းကျင်အချိန်မှာ မှော်ဝမ်းကျေးရွာရှိ မူရင်းနှစ်ခြင်းအသင်း တော်ဘုရားကျောင်းဝင်းထဲမှာ စစ်အင်အားအလုံးအရင်း ဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“အစပိုင်းတော့ စစ်ကြောင်းမှာပါတဲ့ တပ်သားတွေ သုံး၊ လေးယောက်နဲ့ ဖြည်းဖြည်းချင်းဝင်လာကြတယ်။ သူတို့ စစ်ဆေးမေးမြန်းတာတွေ လုပ်ချင်တယ်ပေါ့။ တာဝန်ရှိသူတွေနဲ့ တွေ့ချင်တယ်လို့အရင်ပြောတယ်။ ဘုရားကျောင်းထဲမှာ အမျိုးသား ဘယ်နှစ်ယောက်ရှိတာလဲမေးတယ်။ သော့ဖွင့်ထားတဲ့ရုံးခန်းတွေ အကုန်လုံးဝင်ကြည့်ကြတယ်။ သူတို့က ဒီတိုင်းလာစစ်မေးမြန်းတာလို့တော့ ပြောတယ်။ ဒါပေမယ့် ဘာမှတော့ လုပ်ဆောင်သွားတာမျိုးတော့မရှိဘူး”လို့ စစ်ဆေးခံရတဲ့ မှော်ဝမ်းမူရင်းနှစ်ခြင်းအသင်းတော်တာဝန်ရှိသူတွေနဲ့ နီးသူတစ်ဦးက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကနေ စစ်ကောင်စီတပ်တွေက လမောင်ကုန်းနဲ့ မော်မောဘွမ့်တောင်ကုန်းနေရာတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကြောင်းထိုးထားတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာတွေမှာလည်း အရပ်သားပြည်သူတွေ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်ဖြစ်ပွားနေတာဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့မှာ ဖားကန့်၊ မရှီကထောင်ရပ်ကွက် ရွှေမြန်မာ ရွှေဆိုင်ရှေ့ စစ်ကြောင်းသွားလာလှုပ်ရှားနေချိန် စစ်ကြောင်းမှာပါလာတဲ့ ယခင် ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာက ဥက္ကဋ္ဌဟောင်း မင်းစိုးဦး နဲ့ ဂွေခါ အုပ်ချုပ်ရေးမှူး ဦးဘရန်မွန်းဆိုသူ နှစ်ဦးပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ ၃ ရက်သာအတွင်း အရပ်သားပြည်သူ ၃ ဦးပစ်သတ်ခံလိုက်ရတယ် သိရပါတယ်။
ဖားကန့်ဒေသအတွက် အရေးပါတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်ကုန်းနှစ်နေရာကို စစ်ကောင်စီတပ်နဲ့ ပြန်လည်ရရှိဖို့ စစ်အင်အားအလုံးအရင်းနဲ့ လမ်းကြောင်း နှစ်နေရာကနေ ထိုးစစ်ဆင်တိုက်ခိုက်နေသလို ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။







