ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် ဒရုန်းဗုံးသီးကျလို့ အရပ်သား ၂ ဦးသေဆုံး

ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် ဒရုန်းဗုံးသီးကျလို့ အရပ်သား ၂ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မဆွတ်ဘွမ့် (ခေါ်) အမှိုက်ပုံကျေးရွာက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။

နောက်ထပ် အရပ်သား ၁၂ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားရာက တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းဗုံးသီး အရပ်သားတွေနေတဲ့နေရာကို ကျရောက်ပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

လက်ရှိ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တဲ့ မဆွတ်ဘွမ် (ခေါ်) အမှိုက်ပုံကျေးရွာမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး နေရာယူထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အမှိုက်ပုံရွာမှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေတော့ ဒေသခံတစ်ချို့ကလည်း သူတို့အိမ်တွေ နှမြောတဲ့အခါ စကစကလည်း လူမရှိရင် အကုန်ယူသွားမှာ မီးရှို့လိုက်မှာကြောက်တော့ စစ်မရှောင်ဘဲ လူစောင့်တွေက ရှိတယ်။ အဲ့တာတွေက ရွာထဲမနေရဲရင် တောင်ဘုန်းကြီးကျောင်းမှာနေကြတာတွေရှိတယ်။ အဲ့မှာ အမှိုက်ပုံကို ကားနှစ်စီးနဲ့ စစ်ကောင်စီကအင်အားရောက်လာတဲ့အခါ အဲ့မှာ တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ သူတို့ရှိတဲ့နေရာကို မှန်းပြီး ဒရုန်းချတယ်။ အဲ့မှာ ဒရုန်းက တော်လှန်ရေး အင်အားစု တွေဘက်က ပစ်လိုက်တဲ့ဒရုန်းပေါ့ နေရာမှားကြဲလိုက်တယ်လို့ ဒေသခံတွေက ယူဆကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖားကန့်မှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ

အပေါ်မူတည်ပြီး ဒရုန်းအသုံးပြု တိုက်ခိုက်တာရှိပြီး အမှိုက်ပုံကျေးရွာမှာ အရပ်သားတွေမရှိတော့ဘဲ စစ်ကောင်စီကတပ်စွဲထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ စစ်ရေးလှုပ်ရှားတာကြောင့်

အခုလို ဒရုန်းနဲ့ကြဲချတာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ဖားကန့်မှာ နေရာတော်တော်များများမှာ ထိတွေ့တိုက်ပွဲရှိနေပါတယ်။ ထိတွေ့တိုက်ပွဲမရှိရင်လည်း ဒရုန်းနဲ့ ချတာတို့ ဘာတို့ တော့ရှိပါတယ်။ အဲ့တာတွေကတော့ စစ်ကောင်စီလှုပ်ရှားတဲ့ပေါ်မူတည်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အလုပ်လုပ်နေတာ ဟုတ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက မသေချာဘဲနဲ့ တော့မလုပ်ကြပါဘူး။ အဓိကတော့ သူတို့အရပ်ဝတ်နဲ့ ရွာထဲ ဝင်နေထားတော့ သူတို့အလုပ်လုပ်တာ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုရှိတဲ့နေရာတိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း အန္တရာယ်ကင်းတဲ့နေရာတွေကို ရွှေ့ပြောင်းပေးကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အမှိုက်ပုံကျေးရွာအပါအဝင် အနီးတစ်ဝိုက်မှာရှိတဲ့ ဆွတ်ငမ်ယန်ရွာ၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး စတဲ့ကျေးရွာတွေမှာလည်း နေရာယူထားကြပြီး နောက်ထပ် ရွာစဉ်တစ်လျှောက်ကို နေရာယူဖို့ ကြိုးစားလာနေတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...