မင်းလှနယ်အရှေ့ခြမ်း ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးထပ်ရှို့၊ ရွာ ၄၀ ကျော်က ဒေသခံ ထောင်ချီထွက်ပြေး

မင်းလှနယ်အရှေ့ခြမ်း ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးထပ်ရှို့၊ ရွာ ၄၀ ကျော်က ဒေသခံ ထောင်ချီထွက်ပြေး

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် မင်းလှမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများဖြစ်သည့် ဇရစ်မျှောင်ကျေးရွာနှင့် ရွှေပေါက်ပင်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံမီးရှို့ ဖျက်ဆီးနေကြောင်း မင်းလှမြို့နယ် (ပကဖ) အဖွဲ့ ထံမှ သိရသည်။

ယနေ့ (ဇူလိုင်လ ၂ ရက်) မနက် ၁၁ နာရီအချိန်တွင် ဇရစ်မျှောင်ကျေးရွာနှင့် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ရွှေပေါက်ပင်ကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် (ပကဖ) တာဝန်ရှိသူက ပြောသည်။

၎င်းက “ဇရစ်မျှောင်ကိုက ချီပါတောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စကစတွေ မီးတင်ရှို့တာ၊ စကစတပ်တွေ ရွာတွေကဘုန်းကြီးကျောင်းတွေမှာ ပြန်တပ်စွဲနေပါတယ် ၊ မင်းလှအရှေ့ခြမ်းမှာ အင်အား ၅၀၀ အထက်မှာ ရှိနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်က အရာရှိများအပါအဝင် အများအပြားသေဆုံးခဲ့သည်။

ယင်းနောက် ဇွန်လ ၁၉ ရက်နေ့မှစတင်၍ မင်းလှနယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ အင်အားအများအပြားဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများတွင် တပ်ဖြန့်ထားကာ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

“နေ့တိုင်းနီးပါး မီးရှို့နေတာ ဒီနေ့အထိဆို ရွာပေါင်း ၁၄ ရွာ အထိ မီးရှို့ပြီးသွားပြီ” ဟု မင်းလှ မြို့နယ် (ပကဖ) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့များရှိသည့် ပဲခူးရိုးမပေါ်သို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရိုးမပေါ်သို့ တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း မင်းလှမြို့နယ် (ပကဖ) ထံ မှ သိရသည်။

“တင့်ကားတွေနဲ့ တက်သွားလိုက်သေးတယ်။ ခုတော့ ပြန်ဆင်းလာပါပြီ တိုက်ပွဲလည်း ခဏပဲ ဖြစ်လိုက်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁ရက်) ညနေ ၅ နာရီခန့်မှာ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာတွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်ဖွဲ့က တော်လှန်ရေးတပ်ဖွဲ့များရှိသည့် ရိုးမပေါ်ကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ ကျွဲမကိုင်းရွာတင် ရောက်ရှိနေသည့် စစ်ကောင်စီစီတပ်သားများပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူများရှိကြောင်း မင်းလှမြို့နယ် (ပကဖ) အဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် မင်းလှနယ်အရှေ့ခြမ်း ကျေးရွာများဖြစ်သည့် ကျွဲမကိုင်း၊ ရွေးကုန်း၊ စမ်းဘုတ်၊ ကျွန်း ကုန်း၊ ဆားချောင်း(အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင်၊ ရွှေပေါက်ပင်၊ တောင်လိမ်၊ ကံသုံးဆင့်၊ ထောက်ကြန့်၊ သရော်ကုန်၊ ဘန့်ဘွေးပင်၊ ဆားချောင်း(အနောက်)၊ ဆင်အိုင်ချောင်းပေါက်စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်မှ ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...