ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ

ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ

ပဲခူးတိုင်း၊ ပြည်မြို့အဝင် နဝဒေးစစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၅၀ ဦးထဲမှ အချို့မှာ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း DMG က စုံစမ်းသိရှိရသည်။

တောင်ကုတ်မှ ရန်ကုန်သို့သွားစဉ် ဇွန် ၂၅ ရက်တွင် ၃၀ ဦးနှင့် ဇွန် ၂၇ ရက်တွင် ၂၀ ဦးတို့မှာ ပြည်မြို့အဝင် နဝဒေးစစ်ဆေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲမှ ၄ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အခြားသူများမှာ စစ်မှုထမ်းရန် ပို့ဆောင်ခံရခြင်းနှင့် ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) (လလစ ၉၅၉) တပ်ရင်းတွင် ထိန်းသိမ်းခံထားရသည်။

စစ်မှုထမ်းခေါ်ဆောင်ခံရသည့် အရေအတွက်ကိုမူ မသိရသေးပေ။

“အဖမ်းခံရတာက အသက် ၂၀၊ ၃၀ အရွယ်တွေများတယ်။ သူတို့ထဲက လူကြီးပိုင်းတွေနဲ့ ပိုက်ဆံပေးပြီး ရွေးတဲ့သူတွေကို ပြန်လွှတ်ပေးတာ။ တခြားမရွေးနိုင်သေးတဲ့ သူတွေကိုတော့ ဆက်ဖမ်းထားပြီး တချို့ကို ကရင်ဘက်ကို စစ်မှုထမ်းအဖြစ်နဲ့ ပို့တယ်လို့သိထားတယ်။ ဘယ်လောက်ပို့လိုက်တယ်ဆိုတာတော့ မသိရဘူး” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့မှာ တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ပေးခဲ့ရကြောင်း သိရသည်။

နဝဒေးစစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့၊ တန်းလွဲချောင်း၊ လက်ပံကျွန်းနှင့် သက္ကယ်ကျွန်း စသည့်ကျေးရွာများမှဖြစ်ကြပြီး အလုပ်လုပ်ရန်နှင့် ကျောင်းတက်ရန်အတွက် ရန်ကုန်သို့ သွားရောက်ကြသူများ ဖြစ်ကြသည်။

ထိုသို့ သွားရောက်ရာတွင် ပွဲစားများနှင့် ချိတ်ဆက်ကာ တောလမ်းမှတစ်ဆင့် ပြည်မဘက်သို့ သွားရောက်ရခြင်းဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းအထိ ပေးဆောင်ရကြောင်း သိရသည်။

“ရန်ကုန်ဘက်ကိုထွက်ရင် ပွဲစားတွေကို ငွေအပုံလိုက်ပေးပြီး သွားကြတယ်။ ပွဲစားတွေက ဘယ်လောက်ပဲ ငါတို့ တာဝန်ယူပါတယ်ဆိုဆို၊ ကိုယ်တွေဆီက ငွေတွေအများကြီးပေးလည်း လမ်းမှာ တစ်ခုခုအရေးပေါ်ဖြစ်ရင် ပွဲစားဘက်ကနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်ဆိုတာမျိုးက ရှားတယ်။ အဖမ်းခံရတာ၊ လမ်းမှာ ဆုံးတာမျိုးဆိုရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသည့် တောင်ကုတ်ဒေသခံများကို တောင်ကုတ်ဒေသခံ ပွဲစားသုံးဦးမှ တာဝန်ယူ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ပွဲစားအမျိုးသားက ရခိုင်ဘက်တွင် လူစုဆောင်းပြီး တောလမ်းမှခေါ်ဆောင်သွားကာ ပြည်မြို့တွင်နေထိုင်သည့် ပွဲစားအမျိုးသမီး နှစ်ဦးထံ ပို့ဆောင်ကြခြင်းဖြစ်သည်။

“ပွဲစားကနေ စကစဘက်ကို ဘယ်နှစ်ယောက်လာမယ်ဆိုပြီး စာရင်းတွေ အရင်ဆုံး တင်ပြထားတယ်။ ဒီကလူတွေ ဂိတ်ကိုရောက်တော့ တန်းပြီးဖမ်းတာလို့ပြောတယ်။ ပိုက်ဆံပေးနိုင်ရင် ပြန်ထုတ်သွား၊ မပေးနိုင်ရင်တော့ သူတို့က စစ်မှုထမ်းပို့တဲ့ထဲ ထည့်လိုက်တယ်။ ဒီဘက်ကပို့ပေးတဲ့ ပွဲစားဆိုတဲ့သူကလည်း ပြည်ကစောင့်နေတဲ့ နောက်ပွဲစား နှစ်ယောက်ရဲ့လက်ထဲကို မရောက်ခင် မတတ်သာလို့ အဖမ်းခံရတဲ့အခြေအနေ ဖန်တီးလိုက်တာ” ဟု အထက်ပါ ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့်နီးစပ်သူက ပြောသည်။

ယခုအခါ ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာသည့် ရခိုင်ဒေသခံများမှာ ပြည်မနှင့် ရခိုင်အစပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးငွေညှစ်ခံရခြင်း၊ စစ်မှုထမ်းခေါ်ဆောင်ခံရခြင်းများကို ကြုံနေကြရသည်။

ရခိုင်က နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (ULA/AA)ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP)အရ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များအား ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာခြင်းကို လက်ရှိတိုက်ပွဲကြောင့် ဖြစ်ပေါ်နေသည့် အရေးပေါ်ကာလထိ တားမြစ်ကြောင်း မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာသူများကို ကုန်းလမ်း၊ ရေလမ်းများမှ အခကြေးငွေယူပြီး သယ်ယူပို့ဆောင် နေသူများကိုလည်း တားမြစ်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ULA/AA က ပြောဆိုထားသည်။

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...