မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာရှိ စစ်ကောင်စီ၊ ခမရ-၃၄၃ စခန်းကုန်းတစ်ခုကို ရေးမြို့နယ် အခြေစိုက် ရေးဘီလူးအဖွဲ့က ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု အဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောသည်။
အဆိုပါ စစ်ကောင်စီ တပ်စခန်းကုန်းကို ယနေ့ နံနက် ၅ နာရီ အချိန်တွင် ရေးဘီလူး အဖွဲ့က စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“ဒီမနက်ခင်းပိုင်းမှာ စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ခမရ- ၃၄၃ တပ်ဝန်းထဲက စကစ စခန်းကုန်းကို ကျနော်တို့ရေးဘီလူးအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ နှင့် ဌာနဆိုင်ရာများကို တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။







