ရန်ကုန်တွင် လူငယ်၊ လူရွယ်များအား စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဖမ်းဆီးလာနေ

ရန်ကုန်တွင် လူငယ်၊ လူရွယ်များအား စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဖမ်းဆီးလာနေ
ရန်ကုန်တွင် ၂ဝ၂၁ ခုနှစ်၊ မေလ ၇ ရက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပါဝင်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့စဉ်။ (Photo - AFP)
ရန်ကုန်တွင် ၂ဝ၂၁ ခုနှစ်၊ မေလ ၇ ရက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပါဝင်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့စဉ်။ (Photo - AFP)

ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်၊ လူရွယ်များအား စစ်ကောင်စီက အရပ်ဝတ်ဖြင့် စစ်ဆေးဖမ်းဆီးလာနေကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ လူနေထူထပ်သည့်နေရာများနှင့် လူသွားလူလာများသည့် ကားမှတ်တိုင်များတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်ဝတ်ကာ လူငယ်၊ လူရွယ်များအား စောင့်ဆိုင်းဖမ်းဆီးလာနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အချို့ဆိုလျှင် လိုင်းကားများပေါ်သို့တက်ပြီး ဖုန်းများအား အတင်းအဓမ္မယူကာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကားမှတ်တိုင်တွေမှာ စောင့်နေတယ်။ သူတို့က အရပ်ဝတ်ဝတ်ထားတယ်။ ဆယ်ယောက်လောက်စီပါတယ်။ ကားပေါ်ကိုတက်ပြီး ဖုန်းတွေကို အတင်းဆွဲယူပြီး စစ်တယ်။ ကျနော်က ခါးပိုက်နှိုက်အဖွဲ့ထင်တာ။ နောက်တော့ ကျနော့်ဖုန်းကို စစ်တယ်။ ကျနော့်မှာ ဘာမှမရှိတော့ မဖမ်းဘူး။ ဒါပေမယ့် ခြေထောက်ကို တမင်အားနဲ့တက်နင်းသွားတယ်။ နောက်ကျနော်ရှေ့က ကောင်လေး နှစ်ယောက်လောက်ကို ဖမ်းသွားတယ်။ ကားပေါ်မှာဆိုတော့ ဘယ်သူဘယ်ဝါမသိရဘူး" ဟု ပြောသည်။

ရန်ကုန်တွင် စစ်ဆေး၊ ဖမ်းဆီးမှု တနေ့ထက်တနေ့ကြမ်းလာပြီး နေအိမ်များ၊ ရပ်ကွက်များတွင် ပေါ်တာဆွဲမှုများပြုလုပ်နေသဖြင့် ယခင်ကထက် အနေအထိုင်၊ အသွားအလာဆင်ခြင်နေရသည်ဟု ရခိုင်လူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကောင်စီက သူတို့မသင်္ကာရင် မသင်္ကာသလို ဖမ်းတာ။ ရခိုင်ဆိုရင် AA၊ ဗမာဆိုရင် PDF ၊ အထူးသဖြင့် နယ်ကလူတွေဆိုရင် စစ်ဆေးရင်တောင် မတရားရိုက်နှက်ပြီးစစ်တာ။ တခြားတိုင်းရင်းသားဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ပေါ့။ အဲလိုသံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာပါ" ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်တွင် စစ်ကောင်စီထံ မတရား ဖမ်းဆီးခံ‌နေရသူအများအပြားရှိနေပြီး နယ်မှ အလုပ်လာလုပ်သူ၊ ပညာသင်ကြားသူ လူငယ်/လူရွယ်များ ဖမ်းဆီးခံရသည်များကို အဝေးရောက် မိသားစုများက သိရှိမည်မဟုတ်ကြောင်း သူက ထောက်ပြသည်။

"အဖမ်းခံရတဲ့လူတွေအများကြီး။ ရန်ကုန်က မြို့ကြီး။ နေရာအစုံမှာရှိတယ်။ ပြီးတော့ လမ်းမှာအဖမ်းခံရတာက တမျိုး။ ကားပေါ်မှာအဖမ်းခံရတာ။ ပေါ်တာဆွဲခံရတာကတမျိုး။ တချို့နယ်ကလူတွေ မိသားစုနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအဆက်သွယ်မရတဲ့သူတွေဆိုရင် သားသမီးတွေ အဖမ်းခံနေရကြောင်းသိမှာမဟုတ်ဘူး" ဟု ပြောသည်။

အလားတူ ရန်ကုန်တွင် ရခိုင်လူမျိုးများနေထိုင်မှုများသည့် မြို့နယ်၊ ရပ်ကွက်များကို ဇွန်လအစပိုင်းမှစ၍ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝင်ရောက်ပေါ်တာဆွဲကာ ဖမ်းဆီးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မှ ရခိုင်သို့ ကားလမ်းဖြင့် အသွားအပြန်လုပ်နေသူတချို့မှာလည်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် မကြာခဏဖမ်းဆီးခံနေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း အမ်းမြို့နယ်မှ ကလေး သုံးဦး၏ ဖခင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် ပွဲစားအဆက်အသွယ်ဖြင့် ကျပ် (၁၆) သိန်းပေးပြီး ရန်ကုန်သို့သွားရာ ပြည်ဂိတ် နဝဒေးတံတားတွင် ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ပို့ဆောင်ခံလိုက်ရကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ စစ်သားဦးရေလျော့နည်းလာသဖြင့် အရွယ်ကောင်းရှိသည့် အမျိုးသား/အမျိုးသမီးများအား ပစ်မှတ်ထားကာ စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီက ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...