ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦး သေဆုံး

ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦး သေဆုံး
လက်နက်ကြီးကျပေါက်ကွဲတဲ့နေရာ (ပုံ - ပေးပို့)
လက်နက်ကြီးကျပေါက်ကွဲတဲ့နေရာ (ပုံ - ပေးပို့)

ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်မှာ အရပ်သားပြည်သူ ၉ ဦး သေဆုံးသွားတဲ့အပြင် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။

ဇွန်လ ၆ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီးဟာ ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနဲ့ ကျေးဇူးတော်ဘုရားကျောင်းဝင်းကြား နေအိမ်မှာ ကျမှန်ပေါက်ကွဲပြီး အရပ်သား ၉ ဦးနဲ့ လူနေအိမ် ၁၀ ခုထက်မနည်း ပေါက်ကွဲမှုထဲ တစ်စစီပျက်စီးသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“လက်နက်ကြီးကျမှန်တဲ့ နေရာက ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနဲ့ ကျေးဇူးတော်ဘုရားကျောင်းကြားမှာ ဖြစ်သွားတာ။ သေဆုံးသွားတဲ့ သူတွေက ၉ ယောက်လောက်ရှိတယ်။ လောလောဆယ် အမျိုးသမီး ၂ ယောက်၊ ကလေးက ၃ ယောက်လောက်ရှိတယ်။ အားလုံးက မီးထဲပါသွားတာဆိုတော့ နည်းနည်းခွဲရတော့ ခက်တယ်။ အများစုက အိမ်ခြေတွေက နည်းနည်းကျဲတယ်ဆိုတော့ ဒဏ်ရာရတဲ့သူတွေက နည်းသွားတယ်လို့ ပြောလို့ရမယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၉ ဦးဟာ မိသားစုတစ်ခုထဲကနေ ကချင်မိသားစုဝင်တွေဖြစ်ကြပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်တယ်လို့ ပြောပါတယ်။

ပေါက်ကွဲမှုထဲ သေဆုံးသွားတဲ့ ပြည်သူ ၉ ဦးထဲမှာ အသက် ၅၈ နှစ်အရွယ် ဒေါ်ခေါန်ထွယ်၊ အသက် ၂၂ နှစ်အရွယ် မနန်းအေးအေးမူ၊ ဒေါ်နှင်းနှင်း (အသက်မသိရ) ၊ အသက် ၁၀ နှစ်အရွယ် ဇော်ဆိုင်းအောင်၊ အသက် ၇ နှစ်အရွယ် မောင်ဇော်ရာ၊ ၁၀ လအရွယ် မောင်ဇော်တူး၊ ၁ နှစ် နဲ့ ၆ လ မောင်ဇော်ဆိုင်းဒူအပြင် နောက်ထပ်အမည်မသိရသူ ၂ ဦး စုစုပေါင်း ၉ ဦးရဲ့ ရုပ်အလောင်းသာ တွေ့ရှိသေးတယ်လို့သိရပြီး ဆက်ရှာဖွေနေ‌‌ဆဲလို့ သိရပါတယ်။

စစ်ကောင်စီတပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်ကွဲမှုဖြစ်သွားတဲ့နေရာမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တွေရဲ့ ယမ်းနဲ့ ပုလဲဓါတ်မြေဩဇာတွေ သိုလောင်ထားတဲ့နေရာမှာဖြစ်တဲ့အတွက် ပေါက်ကွဲမှုပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“နေအိမ်ပျက်စီးသွားတဲ့ အခြေအနေက ယမ်းနည်းနည်းရှိတဲ့ အိမ်တွေက အကုန်ပျက်စီးသွားတယ်။ ဘေးကအိမ်တွေက ပေါက်ကွဲမှုပြင်းတဲ့အခါကျတော့ လေနဲ့ ပြတင်းပေါက်တွေ ပြုတ်ပျက်စီးသွားတာတွေ တော်တော်များများရှိတယ်။ ပေ ၃၀၀ ပတ်ချာမှာရှိတဲ့ နေအိမ်တွေက အကုန်ပျက်စီးတယ်လို့ ပြောလို့ရပါတယ်။ ဒရုန်းလက်နက်ကြီးကျကွဲတဲ့ နေရာအိမ်တွေက တစ်စစီဖြစ်သွားတယ်” လို့ နောက်ထပ် ဖားကန့် ဒေသခံတစ်ဦးက ပြောပြတာဖြစ်ပါတယ်။

ပေါက်ကွဲသွားတဲ့ ယမ်းနဲ့ ပုလဲဓါတ်မြေဩဇာ သိုလောင်ထားတဲ့ နေရာဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ သီသန့်နေရာချပြီး သိုလှောင်ထားတဲ့နေရာကို ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စတင်ပြီး ဖားကန့်ထဲကို ဝင်ရောက်နေပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေက လုံးခင်းအုပ်စုထဲမှာရှိတဲ့ မှော်ဆီစာ၊ ကဋေမှော်၊ မဇွပ်ယန်နဲ့ ငြိမ်းချမ်းသာယာ ကျေးရွာအတွင်း တစ်ရွာဝင်တစ်ရွာထွက်ပြီး ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်အတွင်းရှိ တဲကင်း၊ အိမ်စီးကား၊ မြေသယ်ယာဉ်၊ ဘက်ဟိုး စတဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။

စစ်အင်အား ၂၀၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နေ့ညမပြတ် စက်ယန္တရားတွေကို လိုက်လံဖျက်ဆီးနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီး အရပ်သားပြည်သူ သေဆုံးတာတွေလည်း တစ်ရက်ပြီးတစ်ရက် မြင့်တက်လာ‌နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက လုပ်ငန်းရှင်တွေဆီကနေ စက်ယန္တရားပိုင်ဆိုင်မှု အားလုံးကို အခွန်အကောက်အဖြစ် စက်ယန္တရားတစ်ခုကို သိန်း ၅၀၀ နဲ့ သိန်း ၁၀၀၀ ကြားမှာ ကောက်ခံနေပြီး ညှိနှိုင်းမှုမပြေလည်တဲ့ လုပ်ငန်းရှင်တွေရဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးပေးနေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေ ပြောပါတယ်။

အခုလို နေ့တိုင်တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာတွေ၊ စက်ယန္တရားမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ဖားကန့်ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...