ရွှေကူ-ဗန်းမော်မြို့နယ်များတွင် ပြည်သူ့ပညာရေးကျောင်းတချို့ လွတ်လပ်စွာသင်ကြားခွင့် KIO သို့ တောင်းဆို

ရွှေကူ-ဗန်းမော်မြို့နယ်များတွင် ပြည်သူ့ပညာရေးကျောင်းတချို့ လွတ်လပ်စွာသင်ကြားခွင့် KIO သို့ တောင်းဆို
ရွှေကူမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတစ်ခု။
ရွှေကူမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတစ်ခု။

ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်နေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေအနေနဲ့ လက်ရှိကာလမှာ လွတ်လပ်စွာ ပညာသင်ကြားပေးနိုင်ခွင့်ကို လိုလားတယ်လို့ သက်ဆိုင်ရာ ပညာရေး ဝန်ထမ်းတွေက KIO အစိုးရကို တောင်းဆိုထားပါတယ်။

လက်ရှိ ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ရှိ ဒေသအများစုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် စာသင်ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်လာနေတာဖြစ်ပါတယ်။

KIO ပညာရေးဌာနက သေချာလက်လှမ်းမမှီတဲ့ ဗန်းမော်မြို့နယ်ထဲက မံစီ၊ စင်းခန်း စတဲ့ကျေးရွာတွေနဲ့ ရွှေကူမြို့နယ် ကျေးရွာတွေမှာတော့ NUG ပညာရေးဌာနအောက်မှာ ပြည်သူ့ပညာရေးကျောင်းတွေကို ဖွင့်လှစ်ထားတာဘဲ ဖြစ်ပါတယ်။

ဗန်းမော်မြို့နယ်နဲ့ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ပြည်သူ့ပညာရေးကျောင်းပေါင်း ၇၀ ဝန်းကျင်ရှိပြီး ကချင်၊ ဗမာ၊ ရှမ်းနဲ့ တခြားတိုင်းရင်းသား လူမျိုးပေါင်းစုံ တက်ရောက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ယခု ၂၀၂၄–၂၅ ပညာသင်နှစ်က စတင်ပြီး NUG အောက် ပြည်သူ့ပညာရေးကျောင်းတွေကို KIO ပညာရေးဌာနကအောက်က ကျောင်းတွေအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ KIO တိုက်နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေကတဆင့် ပြောဆိုလာတယ်လို့ သိရပါတယ်။

အစီစဉ်ကို ယခုနှစ်မှာ ရုတ်တရက် အကောင်ထည်ဖော်ဖို့ ကြိုးစားနေသည့် လုပ်ရပ်ထက် ဆွေးနွေးတိုင်ပင်မှုများ ကြိုတင်လုပ်ဆောင်ပြီးမှသာ အကောင်ထည်ဖော်စေချင်တယ်လို့ ဗန်းမော်မြို့နယ် ပြည်သူ့ပညာရေးကျောင်းက ဆရာတစ်ဦး KNG ကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့အားလုံးက ဖယ်ဒရယ်စနစ်ကို သွားနေတာဆိုတော့ လက်ခံရမှာပေါ့ နောက်တစ်ချိန်မှာ မူဝါဒတွေ လမ်းစဉ်တွေ ထွက်လာခဲ့ရင် KED အောက်မှာ လက်တွဲညီညီလုပ်ကြမှာဘဲ ဒါပေမယ့် အခုအချိန်မှာ သူတို့ဘက် လုပ်ချင်ရာလုပ်လို့ရတယ် ပုံစံမျိုးနဲ့ ဇွတ်အတင်းကြီးလုပ်တာက အဆင်မပြေဘူးပေါ့။ ခံရခက်စေတယ်” လို့ ပြည်သူ့ ပညာရေးကျောင်းက ဆရာတစ်ဦးက ပြောပါတယ်။

ပြည့်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်ထားတဲ့ ဒေသတွေမှာ ကချင်မဟုတ်တဲ့ တခြား တိုင်းရင်းသားလူမျိုးများတဲ့အတွက် မြန်မာစာကို အဓိကအသုံးပြုပြီး NUG ပညာရေးဌာနရဲ့ သင်ရိုးကိုသာ အဓိကအသုံးပြုပြီး သင်ကြားနေတာ ဖြစ်ပါတယ်။

KIO အစိုးရဘက်ကတော့ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှာ ပြည်သူ့ပညာရေးကျောင်းရှိ ဆရာ/မ တချို့ကို တစ်လလျှင် ကျပ် ၂ သိန်းခွဲနှုန်းဖြင့် ထောက်ခဲ့မှု ရှိခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း ရှေ့ဆက် KED အောက် မပါဝင်တဲ့ စာသင်ကျောင်းတွေကိုတော့ ငွေကြေးထောက်ပံ့မှုအစီစဉ် မပါသေးဘူးလို့ တိုက်နယ်မှူးတွေက ပြောဆိုလာတယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ ရွှေကူမြို့နယ် ပြည်သူ့ပညာရေးကျောင်းက ဆရာမတစ်ဦးက “ခုချိန်မှာ ရုတ်တရက် ပြောင်းလဲဖို့ဆိုတာ မလွယ်ကူပါဘူး။ တဖြေးဖြေးညင်သာစွာ သွားကြဖို့လိုပါတယ် ပြည်သူ့အသံ ပြည်သူ့သဘောထားတွေကို နားထောင်စေချင်တာ လုပ်ဆောင်ချက်တွေက ဖယ်ဒရယ်ကိုဘဲ ဦးတည်ပြီး ပညာ‌ရေးကို လွတ်လပ်စွာ ပုံဖော်ခွင့်ပြုရင်း ပူးပေါင်းဆောင်ရွက်စေချင်တာ” လို့ ဆိုပါတယ်။

KIO ပညာရေးဌာနဘက်ကတော့ လွတ်မြောက်နယ်မြေတွေမှာ စာသင်ကျောင်းများပြားလာတဲ့အတွက် KED က လက်လှမ်းမမှီတဲ့ မြို့နယ်တွေမှာ NUG ပညာရေးအောက်က ပညာရေးဘုတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ KNG ကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ ပညာရေးကျောင်းတွေကို ထိန်းချုပ်တာမလုပ်ဘဲ ကျောင်းကော်မတီတွေနဲ့ ဒေသခံတွေ လိုလားတဲ့ ကျောင်းပုံစံမျိုးကို ဖွင့်လှစ်ဖို့ ခွင့်ပြုထားတယ်လို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီးမလန်ဘရန်တောင် (Malang Brang Tawng) က KNG ကို ပြောပါတယ်။

“အဓိကတော့ ကလေးတွေ ပညာမသင်နိုင် ကျောင်းမတက်နိုင်တာမျိုး မဖြစ်အောင်ဘဲ အတူကြိုးစားရအောင်လို့ ကျွန်တော်တို့ဘက်က တာဝန်ပေးထားတာမျိုးရှိပါတယ်။ ပညာရေး ဘုတ်အဖွဲ့ကိုတော့ စစ်ကောင်စီနဲ့ ပူးပေါင်းတာမျိုးဘဲ မဟုတ်ရင်တော့ ကျောင်းဖွင့်လို့ရတယ်လို့ စီမံချက်ချထားပေးတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် KIO ပညာရေးဌာနဘက်က ရွှေကူလို မြို့နယ်တွေမှာ သက်ဆိုင်ရာ နယ်မြေပညာရေး ဘုတ်အဖွဲ့နဲ့ ညှိနှိုင်းခြင်းမရှိဘဲ အတင်းအကျပ် ကျောင်းဖွင့်တာမျိုး မပြုလုပ်ဖို့ ညွန်ကြာထားသလို၊ မဖြစ်မနေ ဖွင့်ဖို့ လိုလာရင်လည်း အကျိုးအကြောင်းကို ပွင့်လင်းစွာ ချပြမယ်လို့ ဆိုပါတယ်။

KIO ပညာရေးဌာနဘက်ကတော့ နောက်တစ်ချိန် စိုးမိုးနယ်မြေတွေက စကစ ကျောင်းတွေအားလုံးကို KIO ပညာရေးဌာနအောက်က KED ကျောင်းတွေအဖြစ် ပြောင်းလဲဖွင့်လှစ်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

သို့ပေမယ့်လည်း စာသင်ကျောင်းတွေ ပြောင်းလဲဖွင့်လှစ်တဲ့အချိန်တွေမှာ သက်ဆိုင်ရာ မြို့နယ်ရှိ ပြည်သူ့ပညာရေးဘုတ်အဖွဲ့တွေနဲ့ သေချာနွေးဆွေးတိုင်ပင်ပြီး လုပ်ဆောင်ချက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ ချပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာတော့ သက်ဆိုင်ရာ တိုက်နယ်မှူးတွေက ဖိအားပေးတဲ့ အသွင်ဆောင်နေတယ်လို့ ဆရာမတွေက ပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ ‌ အရပ်သားပြည်သူတွေအတွက် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာပြီး ဆရာ/မတချို့နဲ့ ကျောင်းသားတွေ ကျောင်းထွက်သွားကြသလို တချို့ကျောင်းသားကတော့ စကစ ကျောင်းတွေမှာ တက်ရောက်ဖို့ ရွေးချယ်မှုတွေလည်း ရှိလာကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူ့ပညာရေး ကျောင်းဆရာ/မတွေက ယခုနှစ် စာသင်ကြားရေးနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ပုံဖော်ခွင့်ပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...