တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

ကလေးမြို့မှ ချင်းတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသော တီးတိန်ဒေသခံပြည်သူ ၁၃၀၀ ကျော်သည် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ချင်းတောင်ဘက်သို့ မေလ ၁၈ ရက်မှ စတင်၍ စစ်ကောင်စီသည် အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာရာ တီးတိန်မြို့နယ် ကလေး- သိုင်းငင်းကားလမ်းပေါ်က မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာက ဒေသခံပြည်သူ အားလုံးသည် နီးစပ်ရာကျေးရွာများ၊ တောင်ယာတဲများတွင် နှစ်ပတ်နီးပါးကြာ စစ်ဘေးရှောင်နေကြရသည်။

“အဲဒီ ၄ ရွာက ပြည်သူတွေက အကုန်လုံး အဲဒီမှာ မနေ့တော့ဘူး။ စစ်ဘေးရှောင်ကြတယ်။ သူတို့က နီးစပ်ရာ ရွာတွေကို သွားတယ်။ တောထဲ၊ တောင်ယာထဲမှာ နေတဲ့ လူတွေ ရှိတယ်။ လောလောဆယ်တော့ အကူအညီက အများကြီး လိုနေတာပေါ့နော။ အခုစစ်ရှောင်တွေက အစားအသောက်အတွက် အရမ်းလိုတယ်။ ဆေးဝါးကလည်း လိုတယ်။ အမိုးအကာတွေလည်း လိုတယ်။ မိုးလည်း တအားရွာတယ်” ဟု တီးတိန်မြို့ခံတဦးက ပြောသည်။

စစ်ဘေးရှောင်ထဲတွင် ကလေးငယ်က အများအပြားပါဝင်ပြီး သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရသည်။

ကလေးမြို့နှင့် ချင်းမြောက်ပိုင်းမြို့များကို ဆက်သွယ်ထားသော အဓိက လမ်းဖြစ်သည့် ကလေး - သိုင်းငင်း ကားလမ်း၏ အတက်၊ အဆင်း အားလုံးကို မေလ ၂၀ ရက်မှစတင်၍ ယာယီပိတ်လိုက်ကြောင်း CDF – CDM Siyin က ကြေညာထားသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုသည်လည်း ချင်းတောင်ပေါ်က စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံများအတွက် အခြေခံစားဝတ်နေရေးကို ပိုမိုအခက်အခဲဖြစ်စေသောကြောင့် အကူအညီများ လိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ချင်းတောင်ပေါ်သို့ အင်အားရာချီဖြင့် တက်လာနေသော စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့သည် မေလ ၂၁ ရက်မှ ယနေ့ မေလ ၂၉ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“အခုကတော့ သိုင်းငင်အထိတော့ မရောက်သေးဘူး။ ဟိန်ဇိန်းအထိပဲ ရောက်သေးတယ်။ လာတက်လိုက် ပြန်ဆုတ်လိုက်အနေအထားပေါ့နော။ ဟိန်ဇိန်းမှာတော့ အခြေချတယ်။ အဲလိုအခြေအနေပါ။ ပြီးတော့ သိုင်းငင် တက်ဖို့ တော်တော်ကြိုးစားနေတယ်။ ဒါပေမယ့် မရသေးဘူး။ တော်လှန်ရေးတပ်ဖွဲ့က ပြန်တိုက်တော့ စကစက ပြန်နောက်ဆုတ်ရတယ်” ဟု တီးတိန်မြို့ခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ကို ချင်းလဲန်းကောင်စီ (CC) ပူးပေါင်းတပ်နှင့် ချင်းညီနောင် (CB) တပ်တို့က ပူးပေါင်းစုဖွဲ့ပြီး ခုခံတိုက်ခိုက်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ယာဉ်တန်း ၁၅ စီးဖြင့် စစ်ပြင်ဆင်လာသော စစ်ကောင်စီတပ်သည် ကလေးကောလိပ်ဝန်းအတွင်း ကားများထားခဲ့၍ တပ်မမှူးက ဦးဆောင်ပြီး ချင်းတောင်သို့ တပ်အင်အား ၈၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...