မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြဿနာကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြဿနာကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မွန်ပြည်နယ်ရဲ့ အခုနှစ်မိုးစပါးရာသီမှာ လုပ်သားရှားပါးမှု ပြဿနာနဲ့အတူ လုပ်သားခေါ်ယူလို့မရတဲ့ အခက်အခဲကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တောင်သူတွေဟာ မိုးစပါးစိုက်ပျိုးဖို့အတွက် အရင်လို ကျွမ်းကျင်လုပ်သားတွေကို အလွယ်တကူ ခေါ်ယူလို့မရတာ၊ လုပ်အားခ ပိုပေးရင်တောင် လာရောက်လုပ်ကိုင်သူမရှိတာ၊ အရင်လို တခြားဒေသတွေက လာရောက်လုပ်ကိုင်မှုမရှိတဲ့ ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။

လုပ်သားရှားပါးမှု ပြဿနာဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပ‌ဒေကြောင့် ဒေသတွင်းက ကျွမ်းကျင်လုပ်သားတွေ ပြည်ပထွက်ခွာမှု များလာတာ၊ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးတင်းကျပ်မှုတွေကြောင့် တခြားဒေသတွေက လာရောက်လုပ်ကိုင်သူမရှိတဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

တောင်သူတစ်ဦးကတော့ မိုးစပါးစိုက်ပျိုးဖို့ လုပ်သားခေါ်ယူလို့ မရတာကြောင့် ကြဲခင်းကိုသာ အဓိကထား စိုက်ပျိုးနေရပြီး ကြဲခင်းဟာ အထွက်နှုန်းနည်းတာကြောင့် တောင်သူတွေအနေနဲ့ အကြွေးသံသရာထဲမှာ လုံးလည်းချာလည် ဖြစ်ရတော့မယ်လို့ ပြောပါတယ်။

“လုပ်သား ပြဿနာက ဘယ်လောက်ထိ ကြီးမားနေလဲဆိုရင် အလုပ်သမားက အခုခေါ်လို့မရဘူး။ ခေါ်လို့မရတဲ့အခါကျတော့ ကြဲခင်းတွေပဲ လုပ်နေကြရတာပေါ့။ ကြဲခင်းတွေဆိုတော့ ကျွန်တော်တို့ ဘယ်လိုသွားမလဲဆိုရင် လယ်ဆယ်ဧက ကြဲခင်းဆယ်ဧကရဲ့ ထွက်နှုန်းစပါးက စိုက်စပါး ငါးဧကကိုတောင် မမီဘူးလေ။ စပါးအထွက်တွေ လျော့တာပေါ့။ အလုပ်သမား ရှားပါးတဲ့အတွက် နောက်တစ်ခါ စပါးဈေးကလည်း တစ်ခါမရှိဘူးဆိုပြန်တော့ တောင်သူဘဝကတော့ လုံးလည်ချာလည်ပဲပေါ့။ အကြွေးသံသရာက ဘယ်လိုမှကို မကျွတ်တော့ဘူး” လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ကျန်ရှိတဲ့ လုပ်သားအများစုဟာ အရင်လို လုပ်နိုင်စွမ်းရှိတဲ့ လူငယ်လူရွယ်တွေ မရှိတော့တာကြောင့် အသက်အရွယ်ရသူတွေနဲ့သာ လုပ်ကိုင်ရတဲ့အတွက် အလုပ်မတွင်တဲ့ အခက်အခဲနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သူတစ်ဦးကလည်း ဒေသတွင်းမှာ လုပ်သားရှားပါးတဲ့အတွက် မိုးစပါးကို ပြီးမြောက်အောင်စိုက်ပျိုးဖို့ အခက်အခဲ အများကြီးရှိလာသလို ပြီးစလွယ် စိုက်ပျိုးရတဲ့အတွက် အထွက်နှုန်းအပြင် တောင်သူတွေရဲ့ ဝင်ငွေပါ ကျဆင်းလာမှာဖြစ်တယ်လို့ ပြောပါတယ်။

“လုပ်သားရှားပါးတာတော့ အမှန်ပဲ၊ လုပ်သားရှားပါးတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ တောင်သူတွေဟာ ဒီလုပ်ငန်းကို ပြီးမြောက်အောင် အောင်မြင်အောင် ဆောင်ရွက်ရမယ့် အခက်အခဲတွေ အများကြီးပေါ့။ လုပ်သားရှားပါးတော့ လုပ်သားခတွေ အဆမတန် ဈေးကြီးပေးငှားရတာပေါ့နော်။ နောက်တော့ အဲဒီလို လုပ်သားရှားပါးတဲ့အတွက် တောင်သူတွေဟာ ပြီးစလွယ်ပဲ လုပ်နေကြပြီးပေါ့။ ဘာပဲပြောပြော စပါးအထွက်နှုန်းတွေ ကျမယ်။ တောင်သူတစ်ဦးချင်းရဲ့ အထွက်နှုန်းတွေကျမယ်။ ဝင်ငွေကျမယ်။ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားတွေ ကျမှာပေါ့” လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ မိုးစပါးစိုက်ပျိုးဖို့ လုပ်သားရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာကြောင့် တချို့ တောင်သူတွေအနေနဲ့ လယ်ဧက လျော့ချ စိုက်ပျိုးတာတွေ ပြုလုပ်လာသလို တချို့ တောင်သူတွေကတော့ မိသားစု စားသောက်ဖို့လောက်သာ စိုက်ပျိုးကြတော့တယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သူတွေဟာ ဒီမိုးစပါး စိုက်ပျိုးတဲ့ရာသီမှာ လုပ်သားရှားပါးတာအပြင် သွင်းအားစု ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ ထွန်ယက်စိုက်ပျိုးဖို့အတွက် စက်ယန္တရားငှားရမ်းခ ဈေးနှုန်းကြီးမြင့်မှုဒဏ်အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ တောင်သူတွေ အခက်တွေ့နေချိန်မှာ အရင်ကြွေးကျန်ရှိတဲ့ တောင်သူတွေကို အတိုးရောအရင်းပါ လုံးဝ ပြန်လည်ပေးဆပ်နိုင်မှသာ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာ နှစ်စဉ် မိုးစပါးဧကပေါင်း ခုနှစ်သိန်းနီးပါး စိုက်ပျိုးနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ဒီနှစ်မှာတော့ လုပ်သားရှားပါးမှုပြဿနာကြောင့် အထွက်နှုန်း သိသိသာသာ လျော့ကျလာနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...