တွန်းဇန်မြို့၊ တွီးတူမ်းရွာသူ ရွာသားများ ၎င်းတို့ ရပ်ရွာမှာ ပြန်နေထိုင်ခွင့်ပြုလိုက်ပြီဟုဆို

တွန်းဇန်မြို့၊ တွီးတူမ်းရွာသူ ရွာသားများ ၎င်းတို့ ရပ်ရွာမှာ ပြန်နေထိုင်ခွင့်ပြုလိုက်ပြီဟုဆို

နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခိုင်းထားသည့် တွန်းဇန်မြို့အနီး တွီးတူမ်း (TuiTum) ရွာသူ၊ ရွာသားများကို ၎င်းတို့ရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ဖြစ်ကြောင်း တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။

ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) က တွန်းဇံမြို့ကို ထပ်မံလာရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မေလ ၈ ရက်နောက်ဆုံးထား၍ တွီးတူမ်း ရွာသူ၊ ရွာသားများ စစ်ဘေးရှောင်ပေးရန် CDF - တွန်းဇန်မှ အမိန့်ထုတ်မှုနှင့်ပတ်သက်၍ တွန်းဇန်ကောင်စီ ဥက္ကဌက ပြောဆိုခြင်းဖြစ်သည်။

“မနေ့က ညကဆိုရင် တွီးတူမ်း ရွာ အောက်ဘက်မှာ ZRA က အဲဒီနားတဝိုက် ရောက်လာပြီးလို့ ကြားတယ်။ ZRA က ခြောင်းမြောင်းပစ်နေသ၍ တွန်းဇံမြို့ကို လာတိုက်နေသ၍ သူတို့အတွက် ခက်ခဲဦးမယ်ထင်တယ်။ ဒါပေမယ့် ဒီမှာ စစ်ကြောင်းမှူးနဲ့ တိုင်ပင်ပြီးတော့ ပြည်သူတွေ ပြန်လည်နေထိုင်ချင်ရင် နေထိုင်ခွင့်ပေးလိုက်ရအောင်ဆိုပြီးတော့ စီစဉ်ထားတာရှိတယ်။ ကျနော်ကတော့ ခင်ဗျာတို့ ZRA လာတာနဲ့ ချက်ချင်းအကြောင်းကြား၊ ချက်ချင်း စစ်ဘေးရှောင်ပေးကြ၊ ZRA မလာခင်လေးမှာ ပြန်နေကြပါလို့ ကျနော်ကိုယ်တိုင် တွီးတူမ်းရွာသားတွေကို ပြောထားတာရှိတယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။

အိမ်ခြေ ၆၀ ကျော်ရှိသည့် တွီးတူမ်းရွာမှ ဒေသခံရွာသူရွာသားများသည် တွန်းဇန်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာမှ အသိဆွေမျိုးများ အိမ်တွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

လတ်တလောတွင်လည်း ဇိုမီးတော်လှန်ရေးတပ် (ZRA – EC ) သည် တွန်းဇန်မြို့ကို သိမ်းပိုက်နိုင်ရေး ရည်မှန်းချက်ဖြင့် ထပ်မံ တိုက်ခိုက်ရန် ပြန်လည်ဝင်ရောက်လာပြီဟု သတင်းများ ရရှိထားကြောင်း၊ တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်နိုင်သည့် အခြေ အနေ ရှိနေသောကြောင့် စစ်ရေးပြင်ဆင်ထားရသည်ဟု ပူးထန်ဆွင်းမုန်က ပြောသည်။

တိုက်ပွဲဖြစ်လာလျှင် ဧပြီလက နှစ်ဖက်တိုက်ပွဲများထက် ပိုမိုပြင်းထန်နိုင်သည်ဟု ၎င်းကဆိုသည်။

ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) သည် တွန်းဇန်မြို့ကို သိမ်းနိုင်ရေးအတွက် ဧပြီလက နှစ်ကြိမ် လာရောက်တိုက်ခိုက်ရာတွင် တွီးတူမ်း ရွာဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်မှ တန်ပြန်တိုက်ခိုက်ရာမှာ ရပ်ရွာနှင့် ရွာသူရွာသား ထိခိုက်ပျက်စီးနိုင်မှုကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ဟုသိရသည်။

“တွီးတူမ်း ရွာကို အမှီအခိုပြုပြီးတော့ ZRA တွေက လာတိုက်ကြတယ်။ အဲဒါကြောင့် ၂ ခါစလုံး ကျနော်တို့က သေနတ်နဲ့ လှမ်းပစ်မယ်ဆိုပြန်တော့လည်း ပြည်သူတွေထိမှာစိုးလို့ မပစ်ရဘူး။ ဒရုန်းတို့ လက်နက်ကြီးတို့နဲ့လည်း ဗုံးကြဲမယ်ဆိုရင်လည်း ပြည်သူတွေထိမှာစိုးလို့ မလှုပ်ရဲဘူး။ အဲဒါကြောင့် ZRA က တွန်းဇန်ကို လာတိုက်မယ်ဆိုပြီး ခဏ၊ ခဏ ပြောလာတဲ့အခါမှာ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က ဒီတခါမှာတော့ သူတို့မလာခင်မှာ တွီးတူမ်းရွာသားတွေကို တွန်းဇန်မှာ ခဏ စစ်ရှောင်ခိုင်းမယ်ဆိုပြီးမှ တွီးတူမ်း ရပ်ကွက်ကောင်စီ ဥက္ကဌကို ပြောပြီးတော့ ရွေ့ခိုင်းတာဖြစ်တယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။

၂၀၂၄ ခုနှစ် မေလတွင် ချင်းပူးပေါင်းတပ်က တွန်းဇန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ရာမှာ တွီးတူမ်းရွာဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တွီးတူမ်းရွာသည် စစ်ဆင်ရေးဖော်ဆောင်ရာမှာ အရေးပါနေသည်ဟု သိရသည်။

တွီးတူမ်းရွာသူရွာသားများကို ခဏရှောင်ခိုင်းရခြင်းနှင့်ပတ်သက်၍ ပြည်သူထိခိုက်မှုမရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး အထင်မလွှဲမှားရန် မေတ္တာရပ်ခံလိုသည်ဟု ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်က တွန်းဇန်မြို့ကို သိမ်းပိုက်ပြီးနောက် မြို့အနီးမှာရှိသည့် တွီးတူမ်းရွာကို မြို့၏ ရပ်ကွက် ၆ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...