ခရီးသည် ၁၄၃ ဦးလိုက်ပါခဲ့သည့် လေယာဉ် မန္တလေးမှ ရန်ကုန်သို့အပြန် ဘီးပေါက်ပြီး မီးလောင်မှုဖြစ်

ခရီးသည် ၁၄၃ ဦးလိုက်ပါခဲ့သည့် လေယာဉ် မန္တလေးမှ ရန်ကုန်သို့အပြန် ဘီးပေါက်ပြီး မီးလောင်မှုဖြစ်
မီးလောင်ခဲ့သည့် လေယာဉ်ဘီးအား မီးငြှိမ်းသတ်ခဲ့စဉ်။ (Photo - လူမှုကွန်ရက်)
မီးလောင်ခဲ့သည့် လေယာဉ်ဘီးအား မီးငြှိမ်းသတ်ခဲ့စဉ်။ (Photo - လူမှုကွန်ရက်)

ခရီးသည် ၁၄၃ ဦးလိုက်ပါခဲ့သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှ ခရီးသည်တင် လေယာဉ်တစ်စီးသည် မန္တလေးမြို့၊ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ထွက်ခွာပျံသန်းစဉ် ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါလေယာဉ်သည် ယမန်နေ့ မေလ ၆ ရက်၊ ညနေ ၆ နာရီခွဲတွင် ရန်ကုန်သို့ ပျံတက်ရန်ထွက်ခွာစဉ် လေယာဉ်ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါခရီးစဉ်အတွင်း လိုက်ပါခဲ့ကြသည့် ခရီးသည်များက လူမှုကွန်ရက်စာမျက်နှာများတွင် ယမန်နေ့ညက ဖော်ပြခဲ့ကြသည်။

ခရီးသည်တစ်ဦးက “လေယာဉ်က မတက်ခင်ပျက်သွားတာ။ ကံကောင်းတာက လေပေါ်ရောက်မှ မပျက်ခဲ့တာ” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လေယာဉ်ဘီးပေါက်သည်နှင့် လေယာဉ်မှူးက လေယာဉ်ကို ထိန်းပြီး ရပ်လိုက်သော်လည်း ဘီးပေါက်သည့်အကြောင်းနှင့် လေယာဉ်ဘီး မီးလောင်သည့်အကြောင်းတို့ကို ခရီးသည်များအား ထုတ်ပြန်ပြောဆိုခြင်းမရှိခဲ့သလို အရေးပေါ်ထွက်ပေါက်များကိုလည်း ဖွင့်ပေးခြင်းမရှိခဲ့ဟု ခရီးသည်များက ရေးသားထားကြသည်။

စက်ချို့ယွင်းနေ၍ စစ်ဆေးနေသည်ဟု လေယာဉ်မှူးက ပြောဆိုကာ ခရီးသည်များအား ထိုင်ရာမှ မထခိုင်းဘဲ စောင့်ခိုင်းထားခဲ့သည်ဟု သိရသည်။

၁၅ မိနစ်ခန့်ကြာမှ လေယာဉ်မှူးက ဘီးပေါက်နေ၍ မီးလောင်သွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ မီးလည်း ငြိမ်းသွားပြီဟု ပြောဆိုကာ လေယာဉ်တံခါးအား ဖွင့်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ခရီးသည်များ တစ်စုံတရာ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ယနေ့ မေလ ၇ ရက်၊ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ရာ၌ အဆိုပါ လေယာဉ်သည် ခရီးသည် (၁၄၃) ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှူးက ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

“ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပှုပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှုဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါသည်။ ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ပါသည်။ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်” ဟုလည်း ဖော်ပြထားသည်။

ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်ပြီး ယခု မတော်တဆ ဖြစ်ပွားမှုကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု MNA က ဆိုထားသည်။

အဆိုပါလေယာဉ်ဖြင့်လိုက်ပါမည့်ခရီးသည်များအားလည်း နောက်ထပ် လေယာဉ်တစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...