ငလျင်နောက်ဆက်တွဲ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြင်း ငလျင်လှုပ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၃၀၀ ဝန်းကျင် ပြုလုပ်ခဲ့တယ်လို့ Justice Myanmar ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားတာဖြစ်ပြီး အရပ်သားတွေကိုသတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါထိခိုက်စေတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝှမ်းယာယီအပစ်ရပ်တယ်လို့ ကြေညာထားပေမဲ့ ကချင်ပြည်နယ်တစ်ဝှမ်းမှာတော့ အပစ်ရပ်တာမရှိကြောင်း အခုလိုတုံ့ပြန်ပါတယ်။
“ဘာမှမရပ်ပါဘူး တစ်ရက်မှမရပ်ပါဘူး။ နေ့တိုင်းသူတို့ကထိုးစစ်ဆင်နေတာ။ လေကြောင်းနဲ့မြေပြင်နဲ့ အမြဲတမ်းထိုးစစ် လုပ်နေတာ။ အခုလည်း အပစ်ခတ်ရပ်စဲရေးထပ်တိုးရင်လည်းဘဲ ဖားကန့်ဘက်မှာသူတို့က စစ်ကြောင်းအင်အားစုပြီးမှ ထိုးလာတာ။ ဒါ့ကြောင့် သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ အတုအယောင်ပါ” လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်နောက်ဆက်တွဲ ထူထောင်ရေးအတွက်ဆိုကာ ပထမအကြိမ် ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာထားခဲ့ပြီး အဲ့ဒီအပစ်ရပ်ကာလပြည့်တဲ့ညမှာဘဲ အပစ်ရပ်ကာလကို နောက်ထပ်တစ်ပတ် ထပ်တိုးကြောင်း ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတစ်ချို့ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးတွေအပါအဝင် အရပ်သား ၂၇ ဦးအထိ သေဆုံးခဲ့ရပါသေးတယ်။
အင်အားပြင်းငလျင်ကြောင့် သေဆုံးမှု ထောင်နဲ့ချီရှိနေပေမဲ့လည်း စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် အမျိုးမျိုးသော ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲလို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ BWU က ထောက်ပြပါတယ်။
“ထူးခြားမှုတစ်ခုက ဘာရှိလဲဆိုရင် အရင်လတွေထက်စာရင်၊ ဒီလအတွင်းမှာ ပိုပြီးတော့မှ အကြိမ်ရေစိပ်လာတာတွေ တွေ့ရတယ်။ အကြိမ်ရေ ပိုများလာတာတွေ့ရတယ်” လို့ BWU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ယဉ်မျိုးလှိုင်က ပြောပါတယ်။
တစ်ဖက်မှာ ငလျင်ဘေးကြောင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ခုခံမှုမှအပ ထိုးစစ်အားလုံးရပ်တန့်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ တစ်ခြားသော လက်နက်ကိုင်အဖွဲ့တွေကလည်း ကြေညာခဲ့ကြပါတယ်။
ဒါပေမဲ့ အဲ့ဒီအပစ်ရပ်ကြောင်းကြေညာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ကာကွယ်ရေးတပ်တွေအပါအဝင် အပစ်မရပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ထိုးစစ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပြီး ဖလမ်းမြို့နယ်နဲ့ အင်းတော်မြို့ နယ်တို့ကို တော်လှန်ရေးအင်အားစုတွေက အပြီးသတ်သိမ်းယူခဲ့ပါတယ်။
ရာစုနှစ်တစ်ခုကျော်အတွင်းမှာ စစ်ကိုင်းနဲ့ မန္တလေးဒေသတွေကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာနေထိုင်တဲ့ လူဦးရေ ၁၇ သန်းက ငလျင်ကြီးရဲ့ သက်ရောက်မှုဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။







