မဏိပူရ်ထောင်မှ မြန်မာသို့ လွှဲအပ်ခံရသော အမျိုးသမီးနှင့် ကလေး ၂၇ ယောက်ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထား

မဏိပူရ်ထောင်မှ မြန်မာသို့ လွှဲအပ်ခံရသော အမျိုးသမီးနှင့် ကလေး ၂၇ ယောက်ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထား

မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်မှ စစ်ကောင်စီထံ လွှဲပြောင်းပို့ခံရသော မြန်မာနိုင်ငံသား အမျိုးသမီးနှင့်ကလေး ၂၇ ယောက်ကို စစ်ကောင်စီက တမူးမြို့မှာ ဆက်လက်ဖမ်းဆီးထားကြောင်း ၎င်းဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးထံမှ သိရသည်။

နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည်ဟု တိုင်ကြားချက်ကြောင့် အသက်မပြည့်သေးသော ကလေးငယ် ၇ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ကို စစ်ကောင်စီက မိသားစုထံ အိမ်ပြန်ခွင့်မ‌ပေးဘဲ တမူးမြို့ အချုပ်ထဲတွင် ဆက်လက်ချုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။

“အခု တမူးအချုပ်ထဲမှာ ထဲ့ထားပြီးတော့ ကိုယ့်စရိတ်နဲ့ကိုယ် စားနေရတယ်။ သူတို့မှာလည်း အထင်လွဲစရာရှိတာတွေက ဘာလဲဆိုတော့ အရင်က Lamka မြို့မှာ ဆန္ဒပြပွဲတွေလုပ်တယ်။ အကျီတွေ၊ ဘာတွေ ရန်ပုံငွေ ကမ်ပဲန်းတွေလုပ်တယ်။ သူတို့က အဲဒီအဖွဲ့ထဲမှာ ပါတယ်ဆိုပြီးတော့မှ သူများတွေက စကစကို သတင်းပေးတဲ့အခါကျတော့ အဲဒီအဖွဲ့တွေကို မလွှတ်တော့ဘဲနဲ့ အချုပ်ထဲမှာပဲ ထိန်းသိမ်းထားတယ်“ ဟု ၎င်းက ပြောသည်။

၎င်းတို့ကို မိသားစုဝင်များနှင့် တွေ့ဆုံစကားပြောခွင့်ပြုပေးထားသော်လည်း အချုပ်ထဲတွင် မိမိစရိတ်နှင့် စားသောက်နေရကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၇ ယောက်သည် မဏိပူရ်ပြည်နယ်၊ အင်ဖားမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် နိုင်ငံခြားသားအက်ဥပဒေဖြင့် ၃ နှစ်ကျော်ကြာ ထောင်ဒဏ်ကျခံပြီးနောက် မတ်လ ၂၁ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်ရှိ တမူးနယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခံရသူများဖြစ်ကြသည်။

၎င်းတို့သည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ နေထိုင်ကြသူများဖြစ်ကြသည်။

အိန္ဒိယအစိုးရအနေဖြင့် မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံ ၃ ကြိမ် လွှဲပြောင်းပေးခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်  ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် စစ်ဘေးရှောင်များကို မဏိပူရ်အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးအကျဉ်းချခဲ့ပြီး လွှတ်ရက်စေ့ပြီဖြစ်သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကာလမှာ ၎င်းတို့၏ အသက်အာမခံချက်မရှိဘဲ စစ်ကောင်စီထံ လွှဲပြောင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

မိသားစုထံ ပြန်ခွင့်မရှိဘဲ စစ်ကောင်စီ၏ ထပ်မံဖမ်းဆီးခြင်းခံရသော အဆိုပါ ၂၇ ဦးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယအစိုးရအပေါ် တာဝန်အပြည့်အဝရှိသည်ဟု India for Myanmar က ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က မဏိပူရ်အကျဉ်းထောင်အတွင်း မြန်မာအမျိုးသား ဦးအောင်မြင့် ရောဂါဖြင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဖြစ်ရပ်သည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဘဲ လူ့အခွင့်အရေးကို အကြီးအကျယ် ထိပါးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အမြန်ဆုံးလွှတ်ပေးရန် India for Myanmar က မြန်မာအဖွဲ့အစည်းပေါင်း ၁၆၀ ကျော်နှင့်အတူ အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...