ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်၊ တစ်ရက်တည်း လေကြောင်း ဗုံးကြဲမှု ၁၆၀ နီးပါးပြုလုပ်

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်၊ တစ်ရက်တည်း လေကြောင်း ဗုံးကြဲမှု ၁၆၀ နီးပါးပြုလုပ်

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဂျက်လေယာဉ်အပါအဝင် လေယာဉ်မျိုးစုံဖြင့် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်နေပြီး တစ်ရက်တည်းတွင်ပင် လေကြောင်းဗုံးကြဲ မှု ၁၆၀ နီးပါး ပြုလုပ်ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ဖလမ်းလူငယ်များဦးဆောင်ကာ ကျင်းပပြုလုပ်သော ဖလမ်းမြို့အတွက် ရန်ပုံငွေရှာဖွေပွဲတွင် CNO/CNDF Defense Secretary, Mai Olivia Thawng Luai က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ် များဖြင့် အကြီးအကျယ် ဗုံးကြဲမှုများ ပြုလုပ်နေသည်ဟု သူမကပြောသည်။

“ စကစက လေကြောင်းကနေ ဒီလောက် တိုက်ခိုက်ရအောင် ဖလမ်းမှာ ဘာအဖိုးတန်ပစ္စည်းများ ထွက်လို့လဲလို့တောင် တွေးနေရတယ်။ တစ်ခါတစ်လေဆို ဂျက်လေယာဉ် ၂ စင်းက လှည့်ပါတ်ပြီးပျံသန်းနေတယ် နောက် Y-12 ၂ စင်းကလာကူ ပစ်ပေးသေးတာ။ အဲလို လေယာဉ် ၄၊၅ စင်းလောက်က လှည့်ပါတ်ပျံသန်းပြီးတိုက်ခိုက်တယ်၊ တစ်ခါတစ်လေဆို ဖလမ်းမြို့ ပေါ်မှာ သူတို့လေယာဉ်တွေ အသွားအပြန်လုပ်တာများလွန်းလို့ သူတို့ဟာသူတို့များ တိုက်မိကြတော့မလားလို့တောင် ထင်ရတယ်။ ဒီတစ်ခေါက်တော့ လေကြောင်းနဲ့ အတော်ကို ချတာ” ဟု CNO/CNDF Defense Secretary က ပြောသည်။

မတ်လ ဒုတိယပတ်တွင် စစ်ကောင်စီတပ်သည် ခလရ - ၂၆၈ တပ်ရင်းအနီးက စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်ကာ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းတွင်ပင် လေကြောင်း ဗုံးကြဲမှု ၁၅၈ ကြိမ်ပြုလုပ် ကြောင်း သိရသည်။

“သူတို့က ကျွန်မတို့ (တော်လှန်ရေးသမား) ရှိမယ်လို့ ယူဆတဲ့နေရာတွေကို ရမ်းသမ်းပစ်တာ။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ဆို ကျွန်မတို့ ဗုံးကြဲတဲ့ အကြိမ်ရေတွက်တာ။ ဉပမာ Y12 က ဘယ်အချိန်မှာ ဗုံးဆက်တိုက် ၅ ကြိမ်၊ ၃ ကြိမ်၊ တစ်ခါ တစ်လေ ၉ ကြိမ်ကြဲတာ အဲလို ရေတွက်တာ။ အဲဒီနေ့မနက် ၁ နာရီ ၁၅ မိနစ်ကနေ ရေတွက်တာ ည ၁၀ နာရီ ၉ မိနစ် အထိကို ၁၅၈ ကြိမ်ချတာ။ အဲမှာ Y-12 နဲ့ ၁၂၀ ကျော်‌ေလာက်ကြဲတယ်၊ ဂျက်ဖိုက်တာနဲ့ ၂၄ ကြိမ်၊ နောက် Mi 35 နဲ့ ဗုံးအကြီးကြီးတွေ ၈ ကြိမ်ကြဲပြီးတော့ အော်တိုစက်သေနတ်တွေနဲ့လဲ ပစ်တာတွေရှိတယ်” ဟု CNO/CNDF Defense Secretary, Mai Olivia Thawng Luai ကပြောသည်။

၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ကာ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ - ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသူများရှိသည့်အပြင် စစ်သုံ့ပန်များအဖြစ် ဖမ်းဆီးခံရသူများနှင့် တိုက်ပွဲအတွင်းအကျအဆုံးများကြောင်း သိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကလည်း ကျဆုံးမှုတချို့ရှိ ကြောင်းသိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...