ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်မှာ လူဦးရေသောင်းနဲ့ချီရှိနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆရာဝန်မရှိတာကြောင့် ဆေးကုသမှုခံယူရာမှာ အခက်အခဲအမျိုးမျိုး ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးဒေသမှာလည်း ဆေးကုသဖို့အတွက် ဆရာဝန်လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆရာဝန်တော့လိုချင်တယ်။ မော်ချီးမှာက ရှိကိုရှိသင့်တယ်။ အများကြီးသက်သာမှာ။ ဆေးဖိုးဝါးခ ဈေးကြီးရင်တောင် သက်သာသေးတယ်ပေါ့နော။ ၁၄ (မယ်စဲ့မြို့နယ်) ထိသွားရင်တောင် လမ်းစရိတ်က ၁၀ သိန်းဝန်းကျင်ပဲလေ။ ပိုကုန်တာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မော်ချီးဒေသမှာ ဆေးဝါးကုသမှုနဲ့ အထွေထွေဆေးဝါးကုန်ကျငွေအတွက် မတတ်နိုင်တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားဆောင်းမြို့နယ်မှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်နဲ့ ကျေးရွာဒေသခံတွေဟာ ရောဂါအခြေအနေအပေါ်မူတည်ပြီး သက်ဆိုင်ရာ ဆေးခန်းကနေ တိုက်နယ်ဆေးရုံ ဒါမှမဟုတ် မယ်စဲ့နဲ့ ထိုင်းနိုင်ငံအထိကို ဆေးကုဖို့ သွားရပါတယ်။
ဒါ့အပြင် တောင်ကြီး၊ ရန်ကုန်အထိ ဆေးကုသဖို့ သွားကြသူတွေလည်းရှိတာကြောင့် လမ်းခရီးစရိတ်အပြင် အထွေထွေကုန်ကျစရိတ် ကြီးမြှင့်တာကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
ဖားဆောင်းမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲတွေ စတင်ဖြစ်လာတဲ့ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလကစလို့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။
ဒါ့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကိုလည်း ခွဲစိတ်ကုသပေးနိုင်တဲ့ ဆရာဝန်မရှိဘူးလို့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO/ကြယ်ဖြူ) အတွင်းရေးမှူး စောသက်စံက ပြောပါတယ်။
“အထွေထွေကုဆရာဝန်ကို ကျနော်တို့လိုအပ်တယ်။ တိုက်နယ်ဆေးရုံဖြစ်ပြီးမှ ဆရာဝန်မရှိဘူးဆိုတော့ အဆင်လဲမပြေဘူး။ ထိုနည်း၎င်းဘဲ ရှေ့တန်းမှာ အနီးစပ်ဆုံး ဖားဆောင်းနယ်မြေမှာ ဖြစ်နေတဲ့နေရာတွေဆိုလို့ရှိရင်လည်း ဆရာဝန်မရှိတဲ့အတွက်ကြောင့် ပို့ဖို့မလိုတဲ့ လူနာတွေလည်း အကုန်လုံးပို့ရတယ်။ ကျနော်တို့မှာ ခွဲစိတ်တတ်တဲ့ ဆရာဝန်တွေ ရှိတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီမှာတဆင့်လုပ်ပြီးမှ အရေးပေါ်တအားဖြစ်နေတဲ့ လူနာကိုပဲ ပို့ရမှာ။ အခုက ဆရာဝန်မရှိတော့ နဲနဲပါးပါး အစထိရင်လည်း ထိုင်းဖက်ကို ပို့ရတယ်။ အဲ့ကြောင့်အဆင်မပြေဘူး” လို့ KNSO (ကြယ်ဖြူ) အတွင်းရေးမှူး စောသက်စံကပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ဖားဆောင်းမြို့နယ်မှာ ဆေးကုဖို့ အချိန်မမှီတာကြောင့် အသက်သေဆုံးသွားတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြား စာရင်းမပြုစုနိုင်ပါဘူး။
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ဖားဆောင်းမြို့နယ်မှာ လူဦးရေ ၂၃,၀၀၀ ကျော်ရှိပါတယ်။







