ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖဲဝိုင်းတွေတော့ ဒေသခံတွေ ပြန်ရှိလာတဲ့ နောက်ပိုင်းမှ ရှိလာတယ်။ နေရာတွေအတိအကျတော့ မပြောတတ်ပေမယ့် ရပ်ကွက် ၆ ခုလုံးမှာ လုပ်ကြတယ်၊ ပေါ်ပေါ်ထင်ထင် လုပ်နေတာ ရှိတယ်။ ဘယ်သူက ဦးဆောင် လုပ်နေလဲတော့ မသိဘူး။ ကြက်ဝိုင်းတွေလည်း ပြန်ရှိလာတယ်လို့ ကြားမိတယ်” ဟု ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့ပေါ်တွင် လောင်းကစားဝိုင်း ပေါများလာခြင်းကြောင့် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး၊ လက်ရှိတွင် တရားဉပဒေစိုးမိုးမှု မရှိသည့်အတွက် ဒေသခံတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ၎င်းဒေသခံအမျိုးသားက ဆက်ဆိုသည်။

“လောင်းကစားတွေ ရှိနေတာက ဥပဒေစိုးမိုးမှု မရှိလို့ပါ။ တရားဥပဒေစိုးမိုးနိုင်ဖို့ ရဲတပ်ဖွဲ့ကလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသလို့ တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံကလည်း စစ်ပွဲဧရိယာ ဖြစ်နေတဲ့ ဆီဆိုင်မြို့အတွက် လုံခြုံရေး ကိစ္စအတွက်ဘဲ ဆောင်ရွက်နေပုံ ရပါတယ်။ အခုလည်း ခိုးမှုတွေက ဆက်တိုက် ရှိလာနေတယ်၊ ဒီကိစ္စတွေပဲ စိုးရိမ်နေရတာပေါ့” ဟု ၎င်းဆီဆိုင်မြို့ ဒေသခံအမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိ ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေစဉ် ဒေသခံ ၉၀ ရာခိုင်နှုန်းကျော်သည် နေရပ်သို့ ပြန်လည်ရောက်ရှိနေပြီး စီးပွားရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ပြန်လည်လုပ်ကိုင် လည်ပတ်နေကြသည့်အပြင် ယာယီဈေးလည်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ထံမှ ယမန်နှစ် ၂၀၂၄ မတ်လကုန်ပိုင်းတွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် တစ်နှစ်နီးပါး ကြာသည်အထိ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသည့်အပြင် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက် မလုံလောက်မှုများကြောင့် ရေသွယ်တန်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေတင်ရန် အခက်အခဲများဖြစ်နေပြီး ရပ်ကွက်နေပြည်သူများအတွက် ‌ရေများကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...