ကျောက်တော်တွင် အသည်းရောင်အသားဝါ (အေ) ရောဂါ ဖြစ်ပွားမှုရှိလာ

ကျောက်တော်တွင် အသည်းရောင်အသားဝါ (အေ) ရောဂါ ဖြစ်ပွားမှုရှိလာ
ဓာတ်ပုံ - Apollo Hosptals
ဓာတ်ပုံ - Apollo Hosptals

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသည်းရောင်အသားဝါ (အေ) ရောဂါ (Hepatitis - A ) ဖြစ်ပွားမှုများ ရှိလာ၍ ကြိုတင်ကာကွယ်ရန်နှင့် သတိထားကြရန်လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းဝိုင်းများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်မှစ၍ ကျောက်တော်မြို့နယ်တွင် အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ပွားသူ ၁၃ ယောက်အထိရှိလာကြောင်း သိရသည်။

"အရင်တုန်းကတော့ ဘီပိုးသမားတွေမှာပဲ ဖြစ်တတ်တယ်။ အခုဖြစ်တဲ့ရောဂါကတော့ အဲဒီလူတွေတင်မဟုတ်ဘဲ တခြား ပိုးမရှိတဲ့လူတွေပါ ဖြစ်လာတယ်။ ကူးစက်လွယ်သလို ကိုယ်ခံအားမရှိရင် ပြန်ကောင်းဖို့ အချိန်ပိုကြာတတ်တယ်" ဟု ကျောက်တော်ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အသည်းရောင်အသားဝါ (အေ) ဖြစ်ပါက ဖျားနာခြင်း၊ မောပန်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ မျက်လုံးဝါခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်တတ်ပြီး ရောဂါပြင်းထန်လျှင် ရုတ်တရက်အသည်းပျက်စီးကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

ကျောက်တော်မြို့ခံ အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ခဲ့သူ အမျိုးသမီးတစ်ဦးက "ပထမတော့ ပုံမှန်အဖျား ရှိတာလောက်ပဲဆိုပြီး အမှတ်တမဲ့နေတာကနေ မျက်လုံးဝါလာတော့ ဆေးရုံသွားပြီး ပြတာ။ နောက်ကျမှ အသည်းရောင်အသားဝါ (အေ) မှန်းသိရတယ်။ ဆေးရုံကတော့ ဓာတ်မှန်ရိုက်ကြည့်ရမယ်လို့ ပြောတယ်" ဟု ပြောသည်။

အဆိုပါ ရောဂါသည် အသည်းရောင်အသားဝါ ဗိုင်းရပ်စ် (အေ) ကြောင့် ဖြစ်ပွားသည့် ရောဂါ ဖြစ်ပြီး ကလေးငယ်များတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

ရောဂါကူးစက်ခံရသူများအနေဖြင့် ကိုယ်ခံအားပြည့်ဝအောင် စားသောက်နေထိုင်ခြင်း၊ သန့်ရှင်းမှုမရှိသော အစားအသောက်များကို ရှောင်ကြဉ်ခြင်း၊ စနစ်တကျကုသမှုခံယူခြင်းအပြင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ခြင်းဖြင့် ရောဂါအမြန်သက်သာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းကြသည်။

"ကလေးတွေနဲ့ အရက်သောက်တဲ့လူတွေမှာ ပိုပြီး ရောဂါ ဒဏ်ခံရပါတယ်။ ရောဂါက အဓိက မျက်စိ ဝါတာ အသည်းကြီးလာတာတွေလည်း ဖြစ်တော့ အရက်သောက်တဲ့သူတွေ ဆိုရင်တော့ နဂိုကတည်းက အသည်းပျက်စီးနိုင်ခြေ ပိုများတယ်။ ကလေးတွေကျတော့လည်း ကိုယ်ခံအားနည်းရင် ပိုပြီး ခံရတတ်တယ်" ဟု နောက်ထပ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အသည်းရောင်အသားဝါ (အေ) ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ ယင်နားစာများကို ရှောင်ခြင်း၊ ရေကို ဆူပွက်သည်အထိ ကျိုချက်သောက် သုံးခြင်း (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြုကာ သန့်စင်ထားသည့် ရေ (သို့မဟုတ်) FDA အသိအမှတ်ပြုထားသော ရေကို သောက်သုံးရန် ကျန်းမာရေးဝန်ကြီးဌာနမှ အကြံပြုထားသည်။

အသည်းရောင်အသားဝါ (အေ) သည် ကူးစက်လွယ်သည့် ကပ်ရောဂါအသွင်ဖြစ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ကြရန်လိုကြောင်းလည်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...