စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်း ခရီးစဥ် ၅ ရက်ဝန်းကျင်အထိ ကြာမြှင့်သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစတင်လို့ မြစ်ကြီးနား–မန္တလေးလမ်း၊ ကန့်ဘလူဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်က ပြည်ထောင်စုလမ်းမကြီး အသုံးပြုခွင့်ကို ရက်အကန့်သတ်မရှိ ပိတ်ထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် ကန့်ဘလူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ စံပါယ်နံ့သာကျေးရွာကိုရှောင်ပြီး သွားရတဲ့လမ်းကို ကားသမားတွေ အသုံးပြုနေကြရတယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနား–မန္တလေး လမ်းပိုင်းအခြေနေကို အခုလို ရှင်းပြပါတယ်။
“စံပါယ်နံ့သာရွာကို ကွင်းပြီး တောလမ်းကနေ သွားနေရတယ်။ အရင်က ၂ ညအိပ် ၃ ရက်၊ အခုက ၃ ညအိပ် ၄ ရက်၊ ၅ ရက် ခရီးနဲ့ သွားနေရပါတယ်။ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုခွင့်မရဘူး၊ ဟိုနေရာကွင်းပြီး သွားရ၊ ဒီနေရာကွင်းပြီး သွားရနဲ့ ခရီးအလွန်နှောင့်နှေးစေပါတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
အခုလို လမ်းပိုင်းကြန့်ကြာမှုကြောင့် စက်သုံးဆီကုန်ကျမှု၊ လမ်းစာရိတ်အပါအဝင် လမ်းကြေးအခွန်ကောက်ခံမှုတွေအကြား ကုန်ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး တန်ဆာခတွေလည်း မြှင့်တက်လာနေတယ်လို့ ကားသမားတွေကပြောပါတယ်။
နောက်ထပ်ကားသမားတစ်ဦးက “အခုသွားရတဲ့လမ်းက ပုံမှန်းလမ်းတော့ မပွင့်သေးဘူး။ မြစ်ကြီးနား–မန္တလေး ဆိုရင် လှည်းလမ်းတောင်မပေါက်တဲ့ လမ်းကနေ သွားနေရတယ်။ အတက်လမ်းကတော့ သိမ်မဆိုးလှဘူးပေါ့လေ။ ကွင်းလမ်းကနေ သွားနေရတာပေါ့” လို့ အသုံးပြုနေရတဲ့ ကွင်းရှောင်လမ်းပိုင်းအခြေနေကို ပြောပြပါတယ်။
လမ်းပိုင်း စတင်ပိတ်လိုက်တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစလို့ တစ်ပတ်ကျော်လောက်အထိ ယာဥ်တန်း ၇၀၀ ကျော်ဟာ ပိတ်မိနေခဲ့ကြပြီး အဲ့ဒီထဲမှာ ကြာရှည်မခံတဲ့ ကုန်စိမ်းနဲ့ အသား၊ ငါးတွေ ပုပ်သိုးပျက်ဆီးမှုတွေအထိပါ ရှိခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ KIA၊ PDF နှစ်ဖက်တပ်က စစ်သားစုဆောင်းရေးတွေ အပြင်းအထန် ပြုလုပ်နေတာအပြင် တိုက်ပွဲ မကြာခဏ ဖြစ်လေ့ရှိတာကြောင့် ကားသမားတွေကတော့ အရေးကြီးကိစ္စမရှိရင် ခရီးမသွားကြဖို့ အကြံပြုထားပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက အင်းတော်မြို့အတွင်း တိုက်ပွဲဖော်ဆောင်နေခဲ့တာဖြစ်ပြီး အဲ့ကာလကတည်းက စစ်ရေးအခြေနေပေါ်မူတည်ပြီး မြစ်ကြီးနား–မန္တလေး လမ်းပိုင်းက မကြာခဏ ပိတ်လေ့ရှိပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ချိန်ကစလို့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံအထိ အသုံးပြုခွင့်ပိတ်ထားပြီး ကားသမားတွေဟာ အင်းတော်မြို့ကို ရှောင်သွားရတဲ့ တောလမ်းကိုသာ အသုံးပြုနေရတာ ၇ လနီးပါးရှိလာသလို ယနေ့အထိလည်း ကွင်းလမ်းကို အသုံးပြုနေရတာပါ။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ မြစ်ကြီးနား–မန္တလေး လမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ဂိတ်တွေ များပြားလာတယ်လို့လည်း ကားသမားတွေက ဆိုကြပါတယ်။
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်းရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။







